ရေဘေးကြောင့် သေဆုံးသူ ၁၈ ဦးထိရှိ


2018.08.08
flooding-lashio-622.jpg လားရှိုးမြို့ ရပ်ကွက်အချို့မှာ ရေကြီးနေတာကို ၂၀၁၈၊ ဇူလိုင် ၂၉ က တွေ့ရစဉ်
Photo: Kan Thar/ RFA

ဒီနှစ် ဇူလိုင်လကနေ သြဂုတ်လဆန်းပိုင်းအထိ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်းခွဲကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။

ရေစီးနေတဲ့ချောင်းကို ဖြတ်ကူးရင်း ရေထဲမျောပါတာ၊ ရေကြီးနေတဲ့အချိန် အိမ်အောက်ဆင်းပြီး ပစ္စည်းသယ်ရင်း နဲ့ ရေနစ်သေဆုံးတာမျိုးတွေဖြစ်တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ဇူလိုင်၊ သြဂုတ် ၂ လတော့ ပေါင်းလိုက်ပြီပေါ့နော်၊ မနေ့ကအထိ စာရင်းပေါ့နော်၊ သေဆုံးသူကတော့ ၁၈ ယောက်ဖြစ်သွားတယ်၊ ရေကြီးနေတဲ့အချိန် အိမ်အောက်ဆင်းပြီး ပစ္စည်းသယ်ရင်း နဲ့ ရေနစ်တာတွေ၊ ရေစီးနေတဲ့ချောင်းကို ဖြတ်ကူးရင်းနဲ့ မျောပြီးသေဆုံးတာတွေ၊ ဇူလိုင်ရော သြဂုတ်ရော ပေါင်းလိုက်မယ်ဆို ရေဘေးကြောင့် ဘေးသင့်ခဲ့တဲ့လူဦးရေဆို ပြောင်းရွှေ့ပေါ့နော်၊ ဆွေမျိုးအိမ်တို့၊ ဘာတို့ အဲလိုပြောင်းရွှေ့ခဲ့တဲ့ လူဦးရေဆို ၁ သိန်း ၅ သောင်းကျော်တယ်"

မွန်ပြည်နယ်က ၅ ယောက်၊ ကရင်ပြည်နယ် နဲ့ ပဲခူးတိုင်းက ၈ ယောက် ၊ မကွေးတိုင်းက ၂ ယောက်၊ နေပြည်တော်၊ ရှမ်း နဲ့ တနင်္သာရီက ၁ ယောက်စီ စုစုပေါင်း ၁၈ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရေဘေးကြောင့် သေဆုံးသွားသူတွေအတွက် တစ်ယောက်ကို ၃ သိန်းနှုန်း ထောက်ပံ့ပေးထားတယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တချို့နေရာတွေမှာ ရေပြန်ကျနေပြီဖြစ်တာကြောင့် ကရင်၊ တနင်္သာရီ၊ မွန်၊ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေး တို့မှာ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်နဲ့ လူဦးရေ ၄ သောင်းနီးပါး သာ ကျန်ရှိနေပါတယ်။

ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာတာကြောင့် မုံရွာကနေ ခန္တီးမြို့အထိ အသွားအပြန်ပြေးဆွဲ နေတဲ့ ရေယာဉ်တွေပြေးဆွဲမှုကို မနေ့ကစပြီး ရပ်နားထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြစ်ရေဟာ ဇူလိုင်လလယ်ပိုင်းလောက်က စတင်တက်ခဲ့ရာ လက်ရှိအချိန်မှာ အန္တရာယ်ရေမှတ်နားကို ရောက်ရှိနေတာကြောင့် တနင်္သာရီမြို့မှာ ဒုတိယအကြိမ် ရေထပ်ကြီးနေပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေနဲ့ သံလွင်မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်တွေအထက်မှာ ဆက်လက်တည်ရှိနေတာ ကြောင့် မဒေါက်နဲ့ ဘားအံမြို့နယ်တွေအတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။