ချင်းတွင်းမြစ်ရေတက် လို့ မော်လိုက်မြို့ရပ်ကွက် များ ရေကြီး


2015.09.06
flooding-sagaing-620 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတချို့ ရေဖုံးလွှမ်းနေတာကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေ တက်လာလို့ ဒီရက်ပိုင်းအတွင်းမှာ မြို့လုံးကျွတ် နီးပါး ရေမြုပ်နေပြီလို့ သိရပါတယ်။

ရေနစ်မြှုပ်နေတဲ့အခြေအနေတွေကို မော်လိုက်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးတင်မောင်ဝင်း က

"အောင်မင်္ဂလာဆိုတဲ့ ကုန်းမြင့်လေးဘဲကျန်တော့တယ်၊ ကျောင်းမြောက်၊ ကျောင်းတောင် အကုန်လုံးမြှုပ်သွား ပြီ၊ ဈေးလည်းမြှုပ်သွားပြီ၊ မြို့လယ်ထဲက နှစ်ထပ် အိမ်တောင်အပေါ်ထပ်ကမြှုပ်မယ့်အနေအထားဖြစ်နေတယ်၊ ၁ ပေ လောက်ဘဲကျန်တော့တယ်၊ တစ်ထပ်အိမ်တွေတော့ အကုန်လုံးမြှုပ်သွားပြီ၊ ရွာတွေလည်း အကုန်မြှုပ် သွားပြီ၊ MRTV မှာတော့ မိုးလေဝသကနေကြေညာ တာရှိပါတယ်၊ ၅ ပေတက်မယ်ပေါ့၊ ၅ ပေတော့မပြည့်သေး ဘူး၊ မိုးလေဝသက ထုန်ပြန်တာဘဲ နားထောင်နေရပါတယ်"

မော်လိုက်မြို့ကျောင်းမြောက်၊ ကျောင်းတောင်၊ စွယ်တော်၊ ညောင်ပင်သာနဲ့ တံတားဦး စတဲ့ ရပ်ကွက်တွေ ဟာ ရေနစ်မြုပ်နေပြီး ကုန်းမြင့်ပိုင်းမှာ ရှိတဲ့ အောင်မင်္ဂလာရပ်ကွက် သာ ကျန်တော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မော်လိုက်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ ၇ဝ ကျော်ထဲက ချင်းတွင်းမြစ်ကမ်းဘေး တစ်ဖက်စီမှာရှိနေတဲ့ ကျေး ရွာ ၂ဝ ကျော်ဟာလည်း ရေနစ်မြုပ်နေပြီလို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ခြောက်ပေလောက်အထိ တက်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ချုပ် ဦးကျော်မိုးဦးကလည်း သတိပေးပြောပါတယ်။

"လောလောဆယ်တော့ ခန္တတီးတို့ဘာတို့ကတော့ ၆ ပေကျော်သွားပြီပေါ့လေ၊ ဖောင်းပြင်တို့ဘာတို့ကတော့ ၆ ပေကျော်သွားပြီပေါ့လေ၊ ၆ ပေပတ်ဝန်း ကျင်လောက်ထိတက်နေတဲ့အနေအထားရှိပါတယ်"

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့တွေမှာလည်း ရေနစ်မြှုပ်နေပြီး နောက်၂ ရက် အတွင်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထိ ရှိနေ ဦးမယ်လို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးကို RFA သတင်း ထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။