ရေနစ်မြုပ်မှုကြောင့် ကျောက်မဲနဲ့ တပ်ကုန်းမှာ စိုက်ပျိုးမြေတွေ ပျက်စီး
2016.11.11

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နေပြည်တော် တပ်ကုန်းနဲ့ ဥတ္တရသီရိမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ဧကထောင်ချီတဲ့ စိုက်ပျိုးမြေတွေ ပျက်စီးသွားခဲ့ရပါတယ်။
ကျောက်မဲမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရိတ်သိမ်းထားတဲ့ စပါးတွေ အညှောင့်ပေါက်ပြီး ဧက ၁၀၀ ကျော်လောက် ပျက်စီးကုန်တယ်လို့ ဒေသခံတောင်သူ ကိုစိုင်းခင်မောင်ညွန့် က ပြောပါတယ်။
"မိုးရွာလွန်းလို့ စပါးစေ့တွေ အညှောင့်တွေပေါက်ပြီး ဆုံးရှုံးတာလေ၊ သူက ဧက ၁၀၀ ကျော်လောက် ရှိတယ်၊ ရိတ်ထားတာ ၁၀ ရက် ၁၅ ရက်လောက်ရှိပြီ၊ အဲဒါနဲ့ မိုးကဆက်တိုက်ရွာနေတာနဲ့ ကောက် လှိုင်းတွေက သိမ်းလို့မရတာနဲ့ အညှောင့်ပေါက်သွားတာလေ၊ ကောက်လှိုင်းတွေ ရေမျောပါသွားတာ က ချောင်းဘေးနားက လယ်တွေ စုပေါင်းလို့ရှိရင်တော့ ၁၀ ဧက လောက်ရှိတာပေါ့၊ ဒါကတော့ လုံးဝ ရစရာမရှိတော့ဘူး၊ သူတို့ကတော့ ဝမ်းနည်းနေကြတာပေါ့၊ လာမယ့်နှစ်အတွက် စိုက်ပျိုးစရိတ်တွေ လည်း အခုမရှိတော့ဘူးပေါ့၊ နောက်ပြီးတော့ မျိုးစေ့ပြန်ခံဖို့ရာလည်း အခက်အခဲတွေ တွေ့နေ တာပေါ့လေ။"
ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး မိုးရွာသွန်းခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ချောင်းနံဘေးက လယ်ကွင်းတွေထဲကို ရေတွေဝင်ရောက်ခဲ့တာကြောင့် လယ်မြေ ၁၀ ဧကလောက် ထပ်မံရေနစ်မြုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
လယ် ၁ ဧကကို စပါးတင်း ၁၀၀ ဝန်းကျင်ထွက်တာဖြစ်ပြီး ပျက်စီးသွားတဲ့လယ်တွေဟာ နားခေါ်နဲ့ တံခွန်တိုင်ကျေး ရွာအုပ်စုတွေက ဒေသခံတောင်သူအယောက် ၃၀ က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အလားတူပဲ နေပြည်တော် တပ်ကုန်းမြို့နယ်နဲ့ ဥတ္တရသီရိမြို့နယ်တွေမှာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ တာကြောင့် ဖရဲ၊ သခွားမွှေး၊ ခရမ်း၊ မြေပဲနဲ့ ငရုတ် စတာတွေ စိုက်တဲ့ ဧက ထောင်ချီတဲ့ စိုက်ပျိုးမြေတွေ ရေနစ်မြုပ် ခဲ့ပါတယ်။
အဲဒီမြို့နယ်တွေရှိ ကျေးရွာတချို့က နေအိမ် ၁၅ လုံး ရေထဲမျောပါသွားခဲ့သလို နေအိမ် ၁ ထောင်ကျော် ရေတွေ ဝင်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ပုဗ္ဗသီရိမြို့နဲ့ တပ်ကုန်းမြို့အကြား ဆက်သွယ်ထားတဲ့ လမ်းပိုင်းတချို့လည်း ရေထဲမျောပါ ပျက်စီးသွား ခဲ့ပါတယ်။