မိုးညိုမြို့နယ်မှာ သီးနှံစိုက်ခင်း ဧကတစ်သောင်းခွဲကျော် ရေဝင်နစ်မြုပ်
2024.07.16

ပဲခူးတိုင်း မိုးညိုမြို့နယ်မှာ ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး သီးနှံစိုက်ခင်းဧက တစ်သောင်းခွဲကျော် ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
နှမ်းစိုက်ခင်းအများစု ရေဝင်နစ်မြုပ်တာဖြစ်ပြီး မြစ်ကမ်းဘေးတစ်လျှောက်က ရွာပေါင်း ခုနစ်ဆယ်ကျော်မှာ ကြုံနေရတာလို့ မိုးညိုမြို့ခံတစ်ဦးက ပြောပါတယ်။
“နှမ်းတွေက အကုန်ပျက်သွားပြီ။ ပြန်မရတော့ဘူး။ အပွင့်အသီးကပ်ချိန် ရေမြုပ်သွားတာပေါ့။ နှမ်းပင်တွေကျတော့ အမြစ်ကိုရေထိုးတာနဲ့ သေတာလေ အမြစ်ပွသွားတာ။ စပါးကျတော့ ရေမြုပ်ချိန် ရက်တိုရင် ပြန်ရနိုင်သေးတယ်။ နှမ်းကျတော့ အမြစ်ရေထိတာနဲ့ သေတာပဲ။ ဒီနှစ် ဘာမှပြန်မရတော့ဘူး”
မိုးညိုမြို့နယ်ထဲမှာ နှမ်းစိုက်ဧက တစ်သောင်းသုံးထောင်ကျော် (၁၃၄၉၉ ဧက) နဲ့ စပါး၊ ပဲ၊ ပြောင်း၊ ပန်းနဲ့ ဟင်းသီးဟင်းရွက် စတဲ့ သီးနှံစိုက်ခင်း နှစ်ထောင်ကျော် စုစုပေါင်း ဧကတစ်သောင်းခွဲကျော် (၁၅၇၅၁ ဧက) ရေမြုပ်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းကတော့ လယ်စိုက်ခင်းတွေအတွက် မျိုးစပါးတွေ ထုတ်ပေးတာနဲ့ တိရစ္ဆာန်အစာတွေ ထောက်ပံ့ဖို့ စီစဥ်ထားတယ်လို့ RFA ကို ပြောထားပါတယ်။
စစ်ကိုင်းတိုင်း ကနီ၊ မြောင်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်းက ရေစကြိုမြို့နယ်တွေမှာလည်း ဇူလိုင်လ ပထမပတ်က ရေကြီးရေလျှံဖြစ်လို့ မတ်ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မြေပဲ စတဲ့ သီးနှံစိုက်ခင်း နှစ်သောင်းကျော်နဲ့ ကွမ်းခြံ ငါးရာကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းအရ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် နိုင်ငံတစ်ဝန်းက မြို့ပေါင်းနှစ်ဆယ်ကျော်မှာ ရေလွှမ်းနေပြီး လူဦးရေ ရှစ်သောင်းခွဲကျော် (၈၆၀၀၀ ခန့်) ရေဘေးကြုံနေရပါတယ်။