ချင်းပြည်နယ်မှာ မိုးကြီး မြေပြိုနိုင်တယ်လို့ မိုးဇလ ပြော

RFA Burmese
2024.09.13
ချင်းပြည်နယ်မှာ မိုးကြီး မြေပြိုနိုင်တယ်လို့ မိုးဇလ ပြော တီးတိန်- ကလေး လမ်းပိုင်း ပျက်စီးနေသည်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

 ချင်းပြည်နယ်ထဲမှာ လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်နေပြီး လေပြင်းတိုက်ခက်တာနဲ့ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၁၂ ရက် မနေ့က ပြောပါတယ်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ ဖြစ်နေတဲ့ လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ကစလို့ မိုးရွာနေပြီး စက်တင်ဘာ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နဲ့ ချင်းပြည်နယ်မှာ မိုးဆက်ကြီးနေဦးမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ သုံးရက်ဆက်တိုက် မိုးသည်းထန်နေပြီး မြေပြိုမှုသတိပေးချက်အတွက် စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြေပြိုမှာကို စိုးရိမ်နေပေမဲ့ မိုးကြီးလို့ သွားလာရေး အကန့်အသတ်တွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အခု ဘာမှကို မပြင်ဆင်နိုင်သေးဘူး။ ကိုယ်တိုင်လည်း ဘယ်နေရာ လုံခြုံမလဲဆိုတာ မသိဘူး။ စစ်ကောင်စီကလည်း ဘာမှစီစဉ်တာမရှိဘူး။ မိုးတွေ ဆက်တိုက်ရွာနေတာ၊ မိုးလည်းတော်တော်ကြီးတယ်"

စက်တင်ဘာ ၁၃ ရက် ဒီနေ့မှာ မိုးဆက်တိုက်ရွာပြီး တောင်ကျရေ အရှိန်ကြောင့် တီးတိန်မြို့ကနေ ဒီတောင်ခြေအောက်က ကလေး - တီးတိန်ကားလမ်းပိုင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ လေပွေလှိုင်းဟာ ချင်းပြည်နယ်နဲ ရခိုင်ပြည်နယ်ကနေ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

၂၀၂၃ ခုနှစ် ၊ မတ် ၁၄ ရက်နေ့က တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ နေအိမ် ၁၇၀၀ ကျော် ပျက်စီးသွားတယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။