ကရင်နဲ့ မွန်ပြည်နယ်မှာ လူ ၃ သောင်းကျော် ရေဘေး ဒဏ်ကြုံနေရ


2013.08.02
flooding-kyaikmayaw-305.JPG မွန်ပြည်နယ် ကျိုက်မရောမြို့က ရေကြီးနေသော မူလတန်းကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
photo: RFA/ Kyaw Lwin Oo

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရေလျှံ မူတွေဖြစ်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း လူသုံးသောင်းကျော်ကို နေအိမ်တွေ ကနေ ရွေ့ပြောင်းပေးခဲ့ရတယ်ပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ကျောင်း ၂၄၅ကျောင်းကို ပိတ်ထားပြီး မွန်ပြည်နယ်အတွင်း လူ ၅ဝဝဝ နီးပါးကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ အစိုးရသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီနဲ့ ကမမောင်းမြို့နယ်ခွဲဒေသခံတွေ ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။

ဘားအံမြို့မှာ ဒုက္ခသည်စခန်းပေါင်း ၁၁ ခုရှိပြီး ဒုက္ခသည် တစ်သောင်းကျော်လောက်ရှိနေပါတယ်။  ဒုက္ခသည်တွေကို ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့  ကရင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး ပထမတန်းက ဦးခွန်ကျော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

ဒုက္ခသည်စခန်းရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုလက်ရှိအထိကတော့ ဘာမှပြဿနာမရှိဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ဆေးရုံအဖွဲ့တွေ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့၊ ပြည်နယ်ဆေးရုံက သူနာပြုတွေရော၊ ဆရာဝန်တွေရော နေ့စဉ်ပေါ့နော် စခန်းတစ်ခုကို အနည်းဆုံးနှစ်ယောက်ချထားတယ်၊ စခန်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကလည်း အိမ်သာတို့ အဓိကပေါ့နော် ထုံးဖြူးတာတို့ဘာတို့ သေချာလုပ်ပေးပါတယ်၊ ရေသန့်ရရှိရေးအတွက်လည်း စည်ပင်က ဖြန့်ပေးပါတယ်”

မိုးကြီးပြီး ရေလျှံတာကြောင့် ထိုင်းမြန်မာနယ်စပ် မြတီမြို့မှာ အိမ်ခြေ ၂ဝဝ ကျော် ရေထဲမြောပါသွားတယ် လို့ ဒေသခံတွေကပြောပါတယ်။ မြတီမြို့ KNU ဆက်ဆံရေးရုံးတာန်ခံ စောမိုးဇက်က ခုလိုပြောပါတယ်။

"မြို့မိမြို့ဖတွေက ဒုက္ခသည်တွေကို ဝိုင်းဝန်းကူညီတဲ့ သဘောလောက်ပဲရှိပါတယ်၊ အခု NGO တွေကလည်း ကူညီမှုမရှိပါဘူး၊ ရေသန့်ရရှိမှုကလည်း မရှိပါဘူး၊ အခုတပ်မ ၂၂ တပ်မမှူးက တာဝန်ခံပြီးတော့ မြဝတီခရို င်အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူတို့ကစီစဉ်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ၊ အိမ်ခြေ  ၂ဝဝ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်ခင်ဗျ၊ လူတွေကို ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာထားပါတယ်"

မြတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်က လူမူရေးအဖွဲ့တွေက မြတီမြို့ဘက်ကမ်းကိုကူးပြီး အကူအညီပေးနေကြတယ်လို့ မဲဆောက်မြို့ မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီရာမောင်က ပြောပါတယ်။

"တစ်ဖက်တည်းအနေနဲ့ပေါ့နော် အလုပ်သမားအဖွဲ့လေးတွေ သွားကြတာရှိတယ်၊ ဟိုဘက်ပြည်တွင်းကလူတွေက လာဖို့လမ်းတွေ ပြိုနေတယ်ပေါ့၊ ကော့ကရိတ်၊ မြဝတီကားလမ်းက လမ်းပြိုတာရှိတော့ ပြည်တွင်းထဲက လာလို့မရသေးဘူးလို့ကြားတယ်၊ ဒီဘက်ကတော့ သူ့အစုအဖွဲ့တွေနဲ့ ထမင်းထုပ်သွားဝေပေးတာတို့ နောက်ပြီး တချို့ကယ်ဆယ်ရေးလုပ်ငန်းတွေစပြီးတော့ ဝင်သွားတာတော့ရှိပြီပေါ့၊ သို့သော်လည်း ထိထိရောက်ရောက်တော့ မသွားနိုင်သေးဘူး"

မြတီမြို့အတွင်း ရေလျှံနေတာတွေဟာ သြဂုတ်လ၁ရက်နေ့မှာ ပြန်ကျသွားပြီဖြစ်တာကြောင့် တပ်မတော်သားများနဲ့ ဒေသခံများ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ် လို့ မြတီမြို့ခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံြမို့နားမှာ သံလွင်မြစ်ရေကြီးတာကြောင့် ရပ်ကွက်၊ ကျေးရွာတွေတော်တော် များများ ရေနစ်မြုပ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။