ရေဘေးကြောင့် ၈ ဦး သေဆုံး၊ ဒုက္ခသည် ၄ သိန်းကျော်ရှိ


2016.08.14
dr-winmyataye-620.jpg လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေဘေးကြောင့် လူ ၈ ဦး သေဆုံးပြီး ရေဘေးဒုက္ခသည် ၄သိန်းကျော် ရှိခဲ့ပေမယ့် အရေးပေါ်အခြေအနေကြေညာရမယ့် ဥပဒေအချက်အလက်တွေနဲ့ မကိုက်ညီတဲ့အတွက် အရေးပေါ် အခြေအနေ မကြေညာတာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး က ပြောတာ ဖြစ်ပါတယ်။

"တချို့ရေလျှံတဲ့အပိုင်းတွေမှာ စိုက်ပျိုးတဲ့မြေတွေ ပျက်စီးတယ် ဒါမှန်တယ်၊ နောက်တစ်ခါကျတော့ တချို့လယ်သမားတွေဟာ ဘာပြောလဲဆိုတော့ အများစုက ရေကြီးတာ အရမ်းဝမ်းသာတယ်၊ ဘာကြောင့်လဲ ဆိုတော့ ပြန်ပြီးတော့ ရေကျသွားတဲ့အခါမှာ နုန်းတွေတက်လာပြီးတော့ အဆများစွာ သူတို့အတွက် အကျိုး အမြတ်အများကြီးရှိနိုင်တဲ့အတွက်ကြောင့် ဝမ်းသာတယ်၊ ဒါလည်း အခုနကပြော သလို အတိုင်းအတာ တစ်ခုအထိပေါ့၊ သိပ်လွန်သွားတဲ့အခါကျတော့လည်း သူတို့ဘေးဖြစ်သွားတာပေါ့၊ အုပ်ချုပ်ရေးတွေရော၊ စီမံခန့်ခွဲရေးတွေရော ပျက်ပြားသွားတာပေါ့၊ ဥပမာ ကျနော်တို့သွားပြီး စီမံလို့ မရတော့ဘူးပေါ့နော် အဲ့လိုမျိုးဖြစ်သွားတယ်၊ အဲ့လိုမျိုးဖြစ်သွားမှာသာ ကြေညာပါလို့ ရေးထားတဲ့ အတွက်ကြောင့် ကျနော်တို့ ဒီအထာနဲ့ မကိုက်ညီပါသေးဘူး ဒါကြောင့်မို့လို့ ကျနော်တို့ မကြေညာ ရသေးခြင်းဖြစ်ပါတယ်"

ရေဘေးနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေတွေမကြေငြာခဲ့တဲ့အတွက် နိုင်ငံတကာအကူအညီတွေ မရဘူးလို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန က ပြောပါတယ်။

လက်ရှိမှာ ရေဘေးဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာ အလျင်အမြန်ပေးပို့နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

ရေဘေးကူညီပေးဖို့အတွက် ကျပ်ငွေ သန်းငါးရာကျော် သုံးစွဲထားပြီး ရန်ပုံငွေ ကျပ် ၁၇ ဘီယီယံ ရှိသလို တပ်မတော်အပါအဝင် လူမှုရေးအသင်းအဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ရေဘေးကြောင့် မကွေးတိုင်းဒေသကြီးမှာ အိမ်ခြေ ၄ သောင်းကျော်၊ မန္တလေးတိုင်းမှာ အိမ်ခြေ ၂ သောင်းကျော်၊ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းမှာ အိမ်ခြေ ၁သောင်းကျာ် စုစုပေါင်း ပြည်နယ်နှင့်တိုင်း ၈ ခုမှာ အိမ်ခြေ ၁ သိန်းကျော် ရေဘေးဒဏ်ခံခဲ့ရပြီး လုံးဝပျက်စီးသွားတဲ့ အိမ်ခြေ ၃၀၀ ကျော် ရှိနေပါတယ်။

ရေဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပြည်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေကို ကူညီထောက်ပံ့ပေးဖို့ အစိုးရက ပြင်ဆင်ထားတယ် လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။