အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ်အရန်ဆန် တန်ချိန်တစ်ထောင်ကျော် ရေဘေးသင့်သူတွေကို ထောက်ပံ့မည်
2024.09.23

ရန်ကုန်တိုင်း သန်လျင်မြို့နယ်က ဆန်သိုလှောင်ရုံမှာသိမ်းဆည်းထားတဲ့ အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ် အရန်ဆန် (The ASEAN Plus Three Emergency Rice Reserve - APTERR) ကနေ ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်နေသူတွေထံ ထောက်ပံ့မယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီကိစ္စအတွက် စစ်ကောင်စီရဲ့ စိုက်ပျိုးရေး မွေးမြေူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးက သန်လျင်မြို့နယ်မှာရှိတဲ့ အရန်ဆန်သိုလှောင်ရုံကို သွားရောက်ခဲ့ပြီး သိုလှောင်ထားတဲ့ဆန်တွေကို ရေဘေးသင့်ဒေသတွေကို အမြန်ဆုံး ဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။
အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ်အရန်ဆန် (APTERR) အစီအစဉ်ဟာ ဒေသတွင်းနိုင်ငံတွေကို ဆန်အကူအညီပေးအပ်ဖို့အတွက် အာဆီယံနဲ့ တရုတ်၊ ဂျပန် ၊ တောင်ကိုးရီးယားနိုင်ငံတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာပါ။
မြန်မာနိုင်ငံရေဘေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU)၊ တောင်ကိုးရီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ထောက်ပံ့မှုတွေလုပ်မယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးသင့်ခဲ့ပြီး လူသုံးရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။