ကလေးဝမြို့ရေဘေး ၁၄ ဦး ပျောက်ဆုံးနေဆဲ
2015.10.10

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း မိုးသည်းထန်မှုကြောင့် ကျောင်းကြီးကျေးရွာ မှာ လူ ၁၄ ယောက် ရေထဲမျောပါပြီး ပျောက်ဆုံးနေပါတယ်။
လက်ရှိအချိန်အထိ အလောင်း၂ လောင်းကိုပဲ ပြန်လည်တွေ့ရှိထားတယ်လို့ ကျောင်းကြီးကျေးရွာက ကိုအောင်မျိုးဇော်က ပြောပါတယ်။
အဲ့ဒီ အောက်တိုဘာလ ၈ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို့မှလည်း မိုးကြီးပြီး ကောလင်းမြို့ တစ်မြို့လုံးလိုလိုမှာ ရေလွှမ်းမိုးခဲ့တယ်လို့ ကောလင်းမြို့ခံ မဖြူဖြူကျော်သီဦးက ပြောပါတယ်။
"၈ ရက်နေ့ည စကတည်းက မိုးတွေကရွာပြီ၊ မိုးက မနေ့ကတည်ကတည်းကစပြီး တနေကုန်ရွာတယ်၊ ဒီနေ့ကတော့ အခုလောလောဆယ်ကတော့ နေပူနေတယ် မိုးမရွာတော့ဘူး၊ နေကတော့ မနေ့ကတည်းက ပူတယ် ရေကတော့ တော်တော်လေးကြီးတယ် တစ်မြို့လုံး နွံ့တွေဘာတွေ ရေတွေဘာတွေနဲ့ ရေလျှံတုန်း နည်းနည်းကို အကုန်လုံးဆေးရကြောရတယ်ပေါ့နော် ကျောင်းတွေဘာတွေကအစ၊ ကျောင်းတွေဘာတွေဆိုရင် အုတ်တံတိုင်းတွေဘာတွေတောင်ပြိုတယ်၊ ကိုယ်ထူကိုထပဲ ကိုဘာသာပဲ လုပ်ရတယ်"
ဒီကနေ့တော့ ကောလင်းမြို့မှာ ရေအနည်းငယ်ကျသွားပေမယ့် တစ်ချို့နေရာတွေမှာ ခါးလောက်အထိ ရေတွေ ကျန်နေသေးတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေအနေနဲ့လည်း မိုးသည်းထန်ပြီး ရေကြီးနေတာကြောင့် မဲဆွယ်စည်းရုံးရေးတွေ ရပ်ထားရတယ်လို့ ပြောပါတယ်။
ကောလင်းမှာ ၁၉၉၅-၉၆ ခုနှစ်လောက်က ရေကြီးတာဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်ဟာ အဆိုးဆုံးလို့ပြောပါတယ်။ မိုးလေဝသနဲ့ဇလဗေဒဌာနက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁ဝ ခုမှာ မိုးကြီးပြီးမြေပြိုတာတွေ ရေကြီးတာတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့ အတွက် ကျောက်မဲမြို့ နမ့်စောင်းငေါင်းချောင်းဟာ ရေကြီးပြီး မြို့ခံ ၅ဝဝ ကျော်လောက် ရေဘေးလွတ်ရာ မှာ ပြောင်းရွှေ့နေကြရပါတယ်။ ရေဘေးဒုက္ခရောက်သူတွေအတွက် ထမင်းထုပ်တွေ လိုက်လံဝေနေကြောင်း ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြော ပါတယ်။