ရေကြီးရေလျှံမှုကြောင့် လူ ၂ဝ ဦး သေဆုံးမှုရှိခဲ့
2018.08.11

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ လူ ၂ဝ သေဆုံးခဲ့ပါတယ်။
မွန်၊ ကရင်၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ ရှမ်း၊ စစ်ကိုင်းနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူသေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ရေစီးနေတဲ့ချောင်းကို ဖြတ်ကူးရင်း ရေထဲမျောပါတာ၊ ရေကြီးနေတဲ့အချိန် ပစ္စည်းသယ်ရင်းနဲ့ ရေနစ်သေဆုံးတာ၊ စက်လှေမှောက်တာ စတဲ့အခြေအနေတွေကြောင့် သေဆုံးခဲ့ကြ တာဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ တစ်သိန်းခွဲကျော် ရေဘေးဒဏ်ခံခဲ့ကြရပြီး အခုချိန်မှာဆိုရင် ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ တစ်သောင်းခွဲနီးပါးပဲ ကျန်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။