ရေဘေးဒုက္ခသည်တွေကို FPNCC ကူညီထောက်ပံ့မည်


2018.08.22
karen-flooding-622 ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျွန်းမီး(၂)ကျေးရွာမှာ ရေကြီးနေတဲ့အိမ်တွေကို ၂၀၁၈ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထည့်ဝင်ငွေကျပ် သိန်းလေးထောင်ကျော်ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်း ကော်မတီ FPNCC အတွင်းရေးမှူးအဖွဲ့က ကောက်ခံရရှိထားပြီး ဖြစ်တယ်လို့ UWSA "ဝ" အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အလှူငွေတွေကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ကတဆင့် ရေဘေးသင့်ဒေသတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ FPNCC အဖွဲ့ဝင် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က RFA ကို ဒီနေ့ ပြောပါတယ်။

"ရေဘေးသင့်ပြည်သူတွေနဲ့ ကျနော်တို့ ထပ်တူရှိတဲ့အကြောင်း ကျနော်တို့ ဖော်ပြချင်တယ်။ သွားလှူဖို့ ကျနော်တို့ စီစဉ်နေတယ်။ အခုလောလောဆယ်တော့ သိန်းလေးထောင်ကျော် ကျနော်တို့ ကောက်ခံရရှိထားတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကော်မရှင်ကို ပေးလှူဖို့ ပြီးတော့မှ ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် လိုအပ်တဲ့နေရာ တွေကို ပေးဖို့ အဲလိုပေါ့နော်"

FPNCC အဖွဲ့ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAAနဲ့ မိုင်းလားတပ်မတော် NDAA တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ရေဘေးသင့်ဒုက္ခသည်တွေ အတွက် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့လုံးက အလှူငွေတွေ ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးရေးအတွက် FPNCC အတွင်းရေးမှူးအဖွဲ့က အခုလ ဆန်းပိုင်း က စတင်ပြီး အဖွဲ့ဝင်တွေကို နှိုးဆော်စာ ထုတ်ပြန်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အရင်က အခုလို ဆောင်ရွက်တာမရှိပေမယ့် လက်ရှိမှာ တိုင်းရင်းသားအချင်းချင်း လက်တွေ့ဆန်တဲ့ ကူညီ ထောက်ပံ့မှုတွေလုပ်ဆောင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအပြီး မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်နေတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် အစိုးရ၊ တပ်မတော်တို့နဲ့ သဘောထားကွဲလွဲမှုတွေ၊ ရန်ငြိုးတွေကို ခေတ္တဘေးဖယ်ထားပြီး မျိုးချစ်စိတ်မွေးကြဖို့ တိုက်တွန်းလိုကြောင်း FPNCC အတွင်းရေးမှူးအဖွဲ့က အဖွဲ့ဝင်တွေကို တိုက်တွန်းတဲ့စာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။