အုတ်တွင်းမြို့နယ် ရေဘေးမှာ သုံးဦး သေဆုံးပြီး ပျောက်ဆုံးသူတချို့ ရှိနေ
2024.09.21

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်က ရေကြီးရေလျှံမှုမှာ ရေစီးနဲ့ မျောပါသေဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
စစ်တောင်းမြစ်ကမ်းတစ်လျှောက်က ရွာတွေမှာ ရေဘေးကြုံခဲ့ရပြီး ရေအနည်းငယ်ပြန်ကျချိန် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုပ်အလောင်းတချို့ကို ဆယ်ယူနိုင်ခဲ့သလို ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူတွေလည်း ကျန်နေသေးတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တချို့ကတော့ ရေစီးနဲ့ မျောပါသွားတာရှိတယ်။ တချို့ကျတော့လည်း နွားကိုလှမ်းဆွဲပြီး မျောပါသွားတာရှိတယ်။ မျောပါ ပျောက်ဆုံးနေတာတွေ အများကြီး ရှိသေးတယ်။ အတိအကျတော့ မသိရဘူး။ ရေထဲပြုတ်ကျတာ တစ်ယောက်။ ရေစီးနဲ့ မျောပါသွားတဲ့ ကောင်မလေး တစ်လောင်း တွေ့တယ်။ သားအဖနှစ်ယောက်ထဲက သားအလောင်း တစ်လောင်းတွေ့တယ်။ အဖေအလောင်းကို မတွေ့သေးဘူး။ ပျောက်ဆုံးသူတွေကိုလည်း မျှော်လင့်ချက်မရှိဘူး။ အလောင်းရှာနေရတယ်။ နုန်းက အရမ်းထူနေတော့ ဘာမှမတတ်နိုင်ဘူး။ နုန်းတွေကျသွားမှပဲ တွေ့နိုင်မယ်"
ရုပ်အလောင်းပြန်တွေ့သူတွေကတော့ ခပေါင်းတိုက်၊ သံတိုင်ခင်နဲ့ ကသစ်တန်းရွာတွေက အသက် ၂၀ နဲ့ ၃၅ နှစ်အရွယ် အမျိုးသား နှစ်ဦး၊ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူတွေရဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ရေကြီးရေလျှံမှုကြောင့် အုတ်တွင်းမြို့နယ်ထဲက ခပေါင်းတိုက်၊ သံတိုင်ခင်၊ ကသစ်တန်း၊ သာယာကုန်းနဲ့ ဘန့်ဘွေးပင်ရွာ အပါအ၀င် ရွာပေါင်း နှစ်ဆယ်ကျော်က အိမ်ထောင်စုပေါင်း ခြောက်ထောင်ခန့် ရေဘေးသင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုတ်တွင်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခု ဖွင့်ထားပြီး လက်ရှိမှာ ရေအနည်းငယ် ပြန်ကျသွားပေမဲ့ ရေကျန်နေသေးတာကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးသင့်ခဲ့ပြီး လူသုံးရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။