တိုင်းနှင့်ပြည်နယ် ၈ ခုမှာ မိုးကြီးပြီး ရေဘေးအန္တရာယ် ကျရောက်နိုင်


2016.07.11
rakhine-flooding-620.jpg မိုးဆက်တိုက်ရွာသွန်းတာကြာင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေတာကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

လာမယ့် နှစ်ရက်အတွင်း ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ ချင်း စတဲ့တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ် သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မိုးများပြီး ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိပေးတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးမယ့် အနေအထားရှိပါတယ်၊ ဧရာဝတီတိုင်း မွန်ပြည်နယ် တနင်္သာရီ တိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးမယ့် အနေအထားရှိပါတယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်၊ ရခိုင်ကမ်းရိုးတန်းတို့ ဧရာဝတီမြစ်ဝကျွန်းပေါ်တို့ မွန်ပြည်နယ် တနင်္သာရီတို့က ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့အတွက် အဲ့ဒေသတွေမှာ မိုးများတဲ့အတွက်ကြောင့် ရေကြီးရေလျံ မှုတွေဖြစ်နိုင်မယ့် အနေအထားရှိပါတယ်"

လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ ရေဘေးဒဏ်ခံခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပျက်စီးသွား တဲ့ ရေကန်တွေကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်နေတဲ့အတွက် မြစ်ကမ်းတလျှောက် နေထိုင်သူတွေကို သတိထားနေ ထိုင်ကြဖို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေ ပါတယ်။

ဒီနေ့ ကနီမြို့နယ် ယင်းရွာ၊ မဲဒင်ရွာမ၊ မယ့်လဘို့တောင်၊ ယင်းဘိုး၊ လက်ပံစု စတဲ့ ကျေးရွာ ၁၀ ရွာလောက် မှာ နေအိမ်တွေထဲကို ရေအမြင့်ပေ တစ်ပေကနေ ၄ ပေလောက်အထိ ဝင်ရောက်တာတွေ ရှိနေတယ်လို့ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။