ရေနံချောင်းမှာ ရွာပေါင်းလေးဆယ်ခန့် ရေနစ်မြုပ်နေ
2024.07.19

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်အထိ ရေကြီးရေလျှံဖြစ်ပြီး ကျေးရွာပေါင်းလေးဆယ်လောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးကျွန်းရွာသစ်၊ ဖရဲကျွန်းရွာ၊ ထနောင်းကုန်းရွာ၊ လေးအိမ်ရွာ၊ မာန်မြေကျေးရွာ၊ ရုံးဆိပ်ကျွန်းစတဲ့ ရွာတွေ ပါဝင်ပါတယ်။
ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်လာလို့ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြစ်နဲ့နီးတဲ့ရွာတွေက အကုန်လုံးမြုပ်ကုန်တာပေါ့။ ရွာပေါင်း လေးဆယ်ဝန်းကျင် ရှိနိုင်တယ်ဗျ။ ဒီနှစ်ကတော့ စံချိန်တင် ရေကြီးတဲ့နှစ်ပဲဗျ"
ဒေသခံတွေဟာ ရေဘေးလွတ်ရာ အဆောက်အအုံတွေနဲ့ ကုန်းမြင့်တွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၉ ရက်အထိ မြို့ပေါင်း ၁၉ မြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်နဲ့အထက် ရောက်ရှိနေလို့ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။