NLD ပါတီအတွက် ပန်းရဲ့လမ်းဂီတ အဖွဲ့ လှုံ့ဆော်ဖျော်ဖြေကူညီ
2015.08.29
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ အသိပညာပေးဟောပြော ပွဲကို မနက်ဖြန် နေပြည်တော် မြို့နယ် ၅ ခုမှာ ကျင်းပမှာဖြစ်တဲ့အတွက် ဦးရဲလွင် ဦးဆောင်တဲ့ ပန်းရဲ့လမ်းဂီတ အဖွဲ့က ကြိုတင်လှုံ့ဆော်မှုအနေနဲ့ ဒီကနေ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ပန်းရဲ့လမ်းအဖွဲ့ကို ဖျော်ဖြေပေးဖို့ တောင်းဆိုထားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုဗ္ဗသီရိမြို့နယ် အလုပ်အမှုဆောင် ဦးခင်မောင်တင့်က ပြောပါတယ်။
"ပန်းရဲ့လမ်း နေပြည်တော်တခွင်မှာ ဖျော်ဖြေရေးဆိုတာက အခု ၃ဝ ရက်နေ့မှာ အမေစု ဒီရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ဟောပြောဖို့အတွက် နေရာ ၅ နေရာ ရွေးထားတယ်၊ အဲ့ဒီ ၅ နေရာကို ပြည်သူ လူထုတွေ တက်ရောက်ဖို့အတွက် ဖိတ်စာလေးတွေ လိုက်ကမ်းတဲ့နေရာမှာ လူထုကိုအကူအညီတောင်းပြီးတော့ မှ ဖျော်ဖြေရေးအဖြစ်ခေါ်ထားတာ"
ပန်းရဲ့လမ်းအဖွဲ့ဟာ မနေ့ကစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေက နေရာ၂ဝ နီးပါးမှာ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းတွေအပါအဝင် ဖျော်ဖြေခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိ မြို့နယ် တွေက နေရာ (၅) ခုမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။
ပန်းရဲ့လမ်းအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေ၊ NLD ပါတီ အောင်နိုင်ရေးဖျော်ဖြေရေး လှုပ်ရှားမှုတွေစဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။