မန္တလေးမြို့ခံ ၁၃ ဦး ပန်းသပိတ်မှာ ပါဝင်လို့ ဖမ်းဆီးခံရ
2024.06.20

မန္တလေးမြို့၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေက အရပ်သား ၁၃ ဦးဟာ ဇွန်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။
အောင်မြေသာစံမြို့နယ် ၈၆ လမ်းနဲ့ ၈ လမ်းထောင့် ချစ်ဝင်း အလှပြင်ဆိုင်က ငါးဦး၊ မန္တလေးကျုံး မြောက်ဘက်ရှိ အမှတ် (၂) နယ်မြေ ရဲစခန်းအနီးက ရွှေလဝန်း လက်ဖက်ရည်ဆိုင်က ခြောက်ဦးနဲ့ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနဲ့ ၈၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားနှစ်ဦး ဖမ်းဆီးခံလိုက်ရတာပါ။
ပန်းသပိတ်မှာ ပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ချစ်ဝင်း အလှပြင်ဆိုင်က ဆိုင်ပိုင်ရှင်ရယ်၊ မိန်းကလေး လေးယောက် ဖမ်းခံရတာ။ မနက် ၇ နာရီလောက်မှာ အိမ်စီးကားနဲ့လာဖမ်းတာ။ နောက်ထပ် ရွှေလဝန်း လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေ အဖမ်းခံရတယ်။ တယ်လီဂရမ်မှာတွေ့တာတော့ ရွှေယမင်း လက်ဖက်ရည်ဆိုင်လို့ တင်ထားတာ။ အဲ့မှာ ဆိုင်ရှင်ရော ဖမ်းခံရတယ်ပြောတယ်။ အားလုံး ခြောက်ယောက်။ တယ်လီဂရမ်တွေမှာ တွေ့တာက မိန်းကလေး လေးယောက်ပုံတွေပဲ တွေ့တယ်"
ဖမ်းဆီးခံရတဲ့သူတွေဟာ ဒီကနေ့အထိ ပြန်လွတ်လာတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။
ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနဲ့ ၈၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာလည်း ပန်းပန်ထားတဲ့သူ နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“လက်ဖက်ရည်ဆိုင်ထဲကိုဝင်ပြီး ဆိုင်ထဲမှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကို ခေါ်သွားတာပေါ့။ တစ်ယောက်ကတော့ ပန်းပန်ထားတာ။ ခဏလိုက်ခဲ့ပါဆိုပြီး ဒီလိုမျိုးပဲ ခေါ်သွားတာ”
ဒီလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ လူထုလှုပ်ရှားမှုတွေကို ဇွန်လ ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၉ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း ၂၆,၈၈၉ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၀,၆၁၃ ဦးကတော့ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။