မြေပုံက စစ်ဘေးဒုက္ခသည် သုံးထောင်ခန့် ရိက္ခာပြတ်လပ်နေ

သန့်ဇင်ဦး
2020.11.04

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် သုံးထောင်နီးပါးဟာ အစိုးရရဲ့ ထောက်ပံ့ကူညီမှုရပ်လိုက်တာကြောင့် စားသောက်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

မြေပုံမြို့နယ်ထဲက စစ်ဘေးဒုက္ခစခန်းအချို့မှာ ရိက္ခာမလောက်ငတဲ့ အခြေအနေကြုံနေရပါတယ်။ အဲဒီဒေသက ဒုက္ခသည်စခန်းတွေဟာ  လမ်းပန်းဆက်သွယ်ရေးနဲ့ တိုက်ပွဲတွေကြောင့် သွားလာရခက်ခဲနေတဲ့အပြင် ကပ်ဘေးကာလကန့်သတ်ချက်တွေလည်း ရှိနေတာကြောင့် အလှူရှင်တွေ မသွားရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရရဲ့ ထောက်ပံ့မှုတွေရပ်ဆိုင်းတာကြောင့် ဒုက္ခသည် သုံးထောင်လောက်ဟာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရရဲ့ အကူအညီ ရပ်သွားတာကြောင့် ဆန် ငါးအိတ်ပဲ ကျန်တော့တယ်လို့ လူဦးရေ ၁၃၀၀ ကျော်ခိုလှုံနေတဲ့ ကမ်းထောင်းကြီးစစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံ ဦးမောင်အေးသာ က RFA ကို နိုဝင်ဘာ ၄ ရက် ဒီကနေ့မှာ ပြောပါတယ်။

"ကျွန်တော်တို့နေရာကတော့ လူပေါင်း ၁၃၃၂ ယောက်ရှိတယ်၊ အခုဆိုလက်ရှိက ဆန် ငါးအိတ်ပဲရှိတယ်။ ကျွန်တော်တို့၊ ပထမတုန်းကတော့ ကျွန်တော်တို့ကို တစ်လစာစီပေးတယ်လေ။ မြေပုံကနေပြီးတော့ ပေးတယ်၊ ပေးတဲ့အခါကျတော့ ကျွန်တော်တို့ တစ်လစာ တစ်လစာ ပေးလိုက်တယ်၊ အဲဒါကို အခုကျတော့ မြေပုံက နေပြီးတော့ အစိုးရအဖွဲ့တွေဆီက ချမပေးဘူး၊ ဒီလမှာ လုံးဝပြတ်တောက်တယ်၊ ဘာကြောင့်မပေးတာလဲ ဆိုတော့ ရှေ့ပိုင်းမှာတော့ အကုန်လုံးပေးတယ်၊ သူတို့ရှေ့ပိုင်းမှာ ပေးနေရင်း လေးလပိုင်းလောက်မှာ တစ်ခါ တစ်လ၊ နှစ်လလောက်ပျက်တယ်၊ ပျက်ပြီးတော့ နောက်ထပ် ပေးပေးနေရင်း အခုဒီဆယ်လပိုင်းမှာ မရတော့ဘူးတဲ့ သူတို့က၊ ဘာဖြစ်လို့မရတာလဲဆိုတော့ အပေါ်က မကျဘူးလို့ပြောတယ် သူတို့က။"

အစိုးရဆီက စားနပ်ရိက္ခာရပ်တန့်ရတဲ့အကြောင်းကို မသိသေးတဲ့အကြောင်း မြို့နယ်တာဝန်ရှိသူတွေကို မေးကြည့်တဲ့အခါမှာတော့ ပြည်နယ်အစိုးရအဖွဲ့က အခုလအတွက် ဆန်ထောက်ပံ့တာကို ရပ်တန့်ထားကြောင့်လို့ပဲ ပြန်ဖြေတယ်လို့ ဦးမောင်အေးသာက ပြောပါတယ်။

လူဦးရေ ၁၃၀၀ ကျော်ရှိတဲ့ ကမ်းထောင်းကြီးဒုက္ခသည်စခန်းမှာ အရင်လကအထိ  လူဦးရေ ၇၇၆ ယောက်စာ အစိုးရရဲ့ ပုံမှန်အထောက်အပံ့ရနေတော့ အဆင်ပြေသလို ဝေငှစားသောက်ခဲ့ကြပေမယ့် ဒီလမှတော့ လုံးဝရပ်သွားတာကြောင့် အခက်အခဲရင်ဆိုင်နေရပါတယ်။

ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ အခုလအတွက် အစိုးရရဲ့ထောက်ပံ့မှု ရပ်ဆိုင်းခံရတာ၊ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာပြတ်လပ်နေတယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့ ညနေပိုင်းအထိ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အစိုးအနေနဲ့လည်း ဆန်တစ်မျိုးတည်းသာ ထောက်ပံ့နိုင်တာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် အကူအညီတွေ မရောက်တာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အစိုးရထောက်ပံ့မှုကတော့ ပုံမှန်မဟုတ်ဘူးပေါ့၊ ရပေမယ့် နည်းတယ် ဆန်လောက်ပဲရတာကိုး၊ ဆိုတော့ အခြား အထောက်အပံ့တွေကလည်း ပုံမှန်မဟုတ်ပါဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေ CSO တွေ အကူအညီတွေ ကလည်း အားနည်းသွားတာပေါ့၊ အထူးသဖြင့်တော့ စစ်ပွဲအခြေအနေကြောင့် အဲလိုဖြစ်လာတယ်လို့ ကျွန်တော်ကမြင်တယ်၊ ဒီဒုက္ခသည်စခန်းတစ်ချို့ကလည်းပဲ တရားမဝင်ဒုက္ခသည်စခန်းတွေ များနေတော့လေ ဒါတွေကို အစိုးရက အသိအမှတ်မပြုဘူး၊ မပြုဘူးဆိုတော့လေ အဲဒါလည်း အခက်အခဲဖြစ်တဲ့သဘော ဖြစ်ပါတယ်။"

စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည်တွေမှာ ရိက္ခာပြတ်လပ်နေတာလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက RFA ကို နိုဝင်ဘာလ ၂ ရက်နေ့က ပြောပါတယ်။

"စညှင်းပါတယ်၊ ပျားသုန်းပါတယ်၊ ကမ်းထောင်းကြီးပါတယ်၊ နောက်ပြီးတော့မှ ရေရှင်ဆိုတဲ့ ရွာစခန်း ပါတယ်ပေါ့နော်၊ ဒီလေးခုကတော့ အတော်ကို ဆိုးဆိုးဝါးဝါး ပြတ်လပ်နေပါတယ်၊ ဒီ ကိုဗစ်တွေဖြစ်လိုက်တော့ အသွားအလာတွေလည်း ကန့်သတ်ခံရတဲ့အခါမှာ အဲဒီနေရာတွေက တိုက်ပွဲတွေကလည်းရှိတယ်၊ အသွားအလာလည်း ခက်ခဲတဲ့အခါကျတော့ အကူအညီတွေ မရောက်ကြဘူးလို့ သိရပါတယ်ခင်ဗျ၊ လူဦးရေကတော့ အဲဒီဘက်မှာ နှစ်ထောင်ကျော် သုံးထောင်နီးပါးလောက်ရှိတယ်ဗျ၊ သွားလာထောက်ပံ့ဖို့ ကလည်း အခက်အခဲတွေကြုံပါတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေတောင်မှ အဲဒီနေရာကိုသွားလာဖို့ မရဘူးဆိုတာတွေ ကြားရတယ်ပေါ့လေ၊ နောက် ဒေသခံအဖွဲ့အစည်းတွေဆိုရင်လည်းပဲ တော်တော်လေးကို သွားလာဖို့မလွယ်တဲ့ အခြေအနေမှာရှိပါတယ်ဗျ၊ ကျွန်တော်တို့ကတော့ ဒီစခန်းတွေနဲ့ပတ်သက်ပြီးတော့မှ အစိုးရဘက်က ထောက်ပံ့မှုမလုပ်နိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရင် ကောင်းမယ်ပေါ့နော်။"

အဲဒီစခန်းနေရာတွေဟာ သွားလာရခက်ခဲတာကြောင့် နေရာရွှေ့ပြောင်းပေးတာတွေ လုပ်ပေးရင်တော့ ပိုကောင်းမယ်လို့ ဦးဇော်ဇော်ထွန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ကျော်အထိ ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီတွေပေးနေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး REC ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော် ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။