တိုက်ပွဲကြောင့် ပလက်ဝ ပြည်သူတွေ ရိက္ခာပြတ်နေ
2020.02.18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကြား ကုလားတန်မြစ်ကြောင်း တလျှောက်မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားနပ်ရိက္ခာ ပြတ်နေပါတယ်။
မကြာခင် ပလက်ဝပြည်သူတွေ စားသောက်ရေးအခက်အခဲဖြစ်နိုင်တယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။
ပလက်ဝမြို့နယ်မှာ အစိုးရက ရောင်းချပေးတဲ့ အရေးပေါ်ဆန် ဒီနေ့မနက်ပဲ ကုန်သွားလို့ ရက်ပိုင်းအတွင်း ဆန်ထပ်မရောက်နိုင်ဘူးဆိုရင် စားသောက်ရေး အခက်အခဲဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ရောင်းပေးဖို့ အစိုးရက ခွဲတမ်းချထားပေးခဲ့တဲ့ ဆန်အိတ် ၁၀၀၀ ကို ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ရောင်းချပေးခဲ့တာပါ။
စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်နယ်အစိုးရက ပလက်ဝမြို့နယ်အတွက် ခွဲတမ်း ဆန်အိတ် ၁၀၀၀ ရောင်းချပေးခဲ့တာပါ။
လာမယ့် ၄ ၊ ၅ ရက်အတွင်း ဆန်ရဖို့လိုနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
“နောက် ၄၊ ၅ ရက်နောက်ဆုံးထားပြီး ပလက်ဝမြို့ကို အရေးပေါ်ဆန်တွေ မပို့နိုင်ဘူးဆိုရင် ကျနော်တို့က စားစရာဆန်မရှိတော့ဘူး။ အခုအချိန်မှာက ဆန်ဟာ အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်လို့ အစိုးရအနေနဲ့ ပို့သင့်ပို့ထိုက်တဲ့ လမ်းကြောင်းက ဆောင်ရွက်ရမှာပါ”
ကုလားတန်မြစ်ကြောင်းတလျှောက်က ကျောက်တော်-ပလက်ဝရေကြောင်းလမ်းဟာ အခုလဆန်းပိုင်းကတည်းက ပိတ်နေခဲ့ပြီး ကုန်းလမ်းကတော့ သွားလာရေးနဲ့ လုံခြုံရေး မကောင်းတာကြောင့် ပြီးခဲ့တဲ့ မိုးရာသီကာလကတည်း က ပိတ်နေခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
ပလက်ဝမြို့နယ်ဟာ ဆန်အတွက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို မှီခိုပြီး နေထိုင်နေရတာပါ။
နှစ်သောင်းတန် ဆန်တစ်အိတ်ကို တစ်သိန်းပေးဝယ်ယူတာတောင် ရောင်းသူမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ပလက်ဝမြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေ ၈၀၀၀ ဝန်းကျင် နေထိုင်ပါတယ်။ တစ်မြို့နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းလောက်ရှိတာပါ။ ပလက်ဝမြို့က လူဦးရေ ခုနှစ်သောင်းခန့်က ကျောက်တော်မြို့ကနေတဆင့် ဆန်ဝယ်ယူစားသုံးနေရတာပါ။ အခုလို ကျောက်တော်- ပလက်ဝ လမ်းပိတ်တဲ့အတွက် ဒေသခံ ခုနှစ်သောင်းခန့် ဆန်အခက်အခဲတွေ့ကြုံရမှာပါ။
ဒီအခက်အခဲတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
“ကျနော်တို့ အဲဒီအခက်အခဲတွေအားလုံး ပြည်ထောင်စုကို တင်ပြထားပါတယ်။ ဒါလည်း ငါးရက် တစ်ပတ်လောက်တော့ရှိပါပြီ။ ပြည်ထောင်စုကလည်း အတိုင်းအတာတစ်ခုအထိ ကူညီဖို့ ပြင်ဆင်နေကြောင်း ကျနော်တို့ သိရပါတယ်”
ပလက်ဝ-ကျောက်တော်လမ်းတွေ ပိတ်တယ်ဆိုတာကို မသိဘဲ အနယ်နယ်အရပ်ရပ်က ပလက်ဝကိုလာသူတွေ ကျောက်တော်မှာ ပိတ်မိနေတာရှိသလို ပလက်ဝကိုရောက်နေတဲ့ ရခိုင်ဘက်က ဒေသခံတွေလည်း ရခိုင်ပြည် နယ်ကို ပြန်ရခက်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
လမ်းတွေပိတ်ထားလို့ ကျောက်တော်နဲ့ ပလက်ဝမှာ ပိတ်မိနေသူ ၁၀၀ ဝန်းကျင်စီ ပိတ်မိနေတယ်လို့ ရန်ကုန်မြို့ ကိုရောက်နေတဲ့ ပလက်ဝဒေသခံ ဦးပီတာလွယ်လူးက RFA ကို ပြောပါတယ်။
“ပလက်ဝကို ပြန်လို့မရဘဲ ကျောက်တော်မှာ သောင်တင်နေတဲ့သူက အယောက်တစ်ရာကျော် လောက်ရှိတယ်။ အဲဒီထဲမှာ အစိုးရဝန်ထမ်းတွေလည်းပါတယ်။ သူနာပြု ဆရာမတွေလည်းပါတယ်။ ပလက်ဝကနေ ဒီဘက်ကို ရခိုင်ပြည်နဲ့ ပြည်မဘက်ကို ပြန်လာမယ့်သူတွေကလည်း ပလက်ဝမြို့ပေါ်မှာ သောင်တင်နေတဲ့သူက အယောက် တစ်ရာလောက်ရှိတယ်လို့ ကျနော်တို့ ဒီမနက်သိရတယ်”
ပလက်ဝမြို့ပေါ်ကနေ ပလက်ဝအထက်ဘက်က ဒေသခံတွေကို ဆန်တင်ပို့ရာမှာ AA ဘက်က ဖြတ်ယူတတ်လို့ တပ်မတော်က လုံခြုံရေးကို ထိန်းပေးဖို့လိုအပ်ကြောင်း ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။
ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကဇုတိုင်းတံတားမှာ တပ်စွဲထားတဲ့ တပ်မတော်က ဒေသခံတွေ ဆန်သယ်ဆောင်တာကို ကန့်သတ်ထားလို့ အနီးအနား ဒါးလက်ချောင်းကျေးရွာအုပ်စုက ရွာပေါင်း ၃၀ ကျော် ဆန်ပြက်လပ်နေပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း AA ဘက်က စက်လှေတွေကို စစ်ဆေးပြီး ရိက္ခာယူထားတတ်တယ်လို့ ပြောပါတယ်။
“တပ်အနေနဲ့ကတော့ တားဆီးတာ မရှိဘူး။ AA အနေနဲ့ကတော့ တက်လာတဲ့ စက်လှေတိုင်းကို စစ်ဆေးတာရှိတယ်။ လစာငွေကအစ ယူသွားတာရှိတယ်။ ဆန်အိတ်တွေ ချခိုင်းတာရှိတယ်”
AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒါကို ငြင်းဆိုပါတယ်။
“ကျနော်တို့ကတော့ အရပ်သားတွေပိုင်တဲ့ဟာဆိုရင် ယူတယ်ဆိုတာ မရှိဘူး။ မြန်မာစစ်တပ်ဘက်က စစ်တပ်ရိက္ခာဆိုရင်တော့ သိမ်းဆည်းတာတို့ဘာတို့ ရှိတာပေါ့နော်။ သေသေချာချာသိထားမှပဲ လုပ်တဲ့ ကိစ္စတွေပါ”
ပလက်ဝမြို့ဟာ လျှပ်စစ်မီးမရတဲ့ဒေသပါ။ ဒါအပြင် အင်တာနက်လည်း အခုလ သုံးရက်နေ့ကစလို့ တကြော့ပြန် ဖြတ်တောက်ခံထားရပါတယ်။ ဖုန်းလိုင်းကလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်လောက်သာရပြီး ရွာတွေမှာ ဖုန်းလိုင်းမရပါဘူး။
တိုက်ပွဲတွေကလည်း ကုလားတန်မြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတလျှောက်မှာ ဆက်တိုက်ဖြစ်နေသလို ကျောက်တော်- ပလက်ဝ ကားလမ်းတလျှောက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကလည်း ၁၃ ရက်လောက်ရှိနေ ပါပြီ။
ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကဇုတိုင်းတံတားမှာ တပ်စွဲထားတဲ့ တပ်မတော်က ဒေသခံတွေ ဆန်သယ်ဆောင်တာကို ကန့်သတ်ထားလို့ ရွာပေါင်း ၃၀ ကျော်မှာလည်း ဒါးလက်ချောင်းကျေးရွာ အုပ်စုက ရွာပေါင်း ၃၀ ကျော် ဆန်ပြတ်လပ်နေပါတယ်။