မြေပြိုပြီး လမ်းပိတ်နေတာကြောင့် နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန် ပြတ်လပ်နေ
2024.06.19

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြေပြိုကျပြီးလမ်းပိတ်နေတာ နှစ်ပတ်ကျော်ရှိလာပြီး ကုန်ပစ္စည်းတွေလည်း သယ်ယူလို့မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၃ ရက်နေ့ကတည်းက ပူတာအို - နောင်မွန်လမ်းမပေါ်က အလန်ဂါးရွာအနီး သုံးထပ်ကွေ့နေရာမှာ မြေပြိုကျပြီးလမ်းပိတ်သွားတာကြောင့် နောင်မွန်မြို့ကို ကုန်ပစ္စည်းသယ်ယူလို့ မရတော့တာလို့ ဆိုပါတယ်။
ဒါကြောင့် နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူလို့မရဘဲ စားရေးသောက်ရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခေါက်ဆွဲခြောက်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ဆန် တခြားကုန်ခြောက်တွေရော ဘာမှကို ဝယ်လို့မရတော့ဘူး။ ဈေးကလည်း ကုန်ပစ္စည်းမရှိလို့ ပိတ်ထားပြီ။ စက်သုံးဆီရော ဝယ်လို့မရတော့ဘူး”
ကုန်ပစ္စည်းသယ်ယူတဲ့လမ်းကြောင်း ပြတ်တောက်သွားတာကြောင့် ဆန်တစ်အိတ် ငွေကျပ်လေးသိန်း၊ စက်သုံးဆီ တစ်ဂါလံကို ကျပ်တစ်သိန်းကျော်၊ ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ်ခြောက်သောင်းနဲ့ စားသုံးဆီ တစ်ပိဿာကို ကျပ်တစ်သိန်းအထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား-ပူတာအိုကားလမ်းပေါ် ဆွမ်ပရာဘွမ်မြို့မှာ (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မတ် ၁၀ ရက်ကနေ ဇွန် ၇ ရက်နေ့အထိ သုံးလခန့် တိုက်ပွဲဖြစ်ခဲ့ပြီး ပူတာအိုခရိုင်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ကိုလည်း နှစ်ဖက်တပ်တွေက ပိတ်ခဲ့တာပါ။
ဇွန် ၈ ရက်နေ့ကစပြီး ပူတာအိုဘက်ကို ကုန်ပစ္စည်းတွေ အကန့်အသတ်နဲ့ ပြန်သယ်ယူလို့ရခဲ့ပေမဲ့ မြေပြိုပြီးလမ်းပိတ်နေတာကြောင့် နောင်မွန်မြို့နဲ့အထက်ကို ကုန်ပစ္စည်းတွေပို့ဆောင်ပေးဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီပေးမှုအခြေအနေကိုသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပူတာအိုခရိုင်ဟာ နှစ်စဥ်မိုးများပြီး မြေပြိုမှုနဲ့ လမ်းပိတ်ဆို့မှုတွေ မကြာခဏဖြစ်လေ့ရှိပေမဲ့ ကုန်ပစ္စည်းတွေအကုန် ပြတ်လပ်တဲ့အထိတော့ တစ်ခါမှမကြုံဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။