တိုက်ပွဲတွေကြောင့် အမ်းမြို့နယ်က ဒေသခံသုံးထောင်ကျော် ရိက္ခာပြတ်နေ


2020.06.24

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းဖျားမှာရှိတဲ့ ကျေးရွာ၂၀ ကျော်က ချင်းတိုင်းရင်းသား သုံးထောင်ကျော် လောက်ဟာ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်တာကြောင့် ရှမ်းကုန်းနဲ့ မင်္ဂလာဒုံ ကျေးရွာတွေကို ရောက်လာကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးကတော့ သူတို့ဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်း သူတွေကိုတော့ ရိက္ခာသယ်ခွင့်ပေးတယ်လို့  ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒလက်ချောင်းရွာတဝိုက်မှာ တပ်မတော် က ရေလမ်း၊ ကုန်းလမ်းပိတ်ထားတာ ခြောက်လနီးပါးကြာနေပြီဖြစ်လို့ ချောင်းအထက်အပိုင်းမှာ ရှိတဲ့ကျေးရွာတွေ မှာ စားနပ်ရိက္ခာ ပြတ်လပ်နေကြပါတယ်။

မနေ့ကစပြီး ဒလက်ချောင်းအဖျားက ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ ရွာ၂၀ နီးပါးက ဒေသခံတွေဟာ စားစရာ မရှိတော့တာကြောင့် ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာတွေကို ထွက်ပြေးလာတယ်လို့ လုံခြုံရေးအရ အမည်မဖော် လို့တဲ့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"စားဖို့အခက်အခဲရှိလို့ပြောင်းလာကြတာ၊ အခြေအနေက ရေလမ်းကြောင်းတွေ ပိတ်ဆို့ ထားတယ်ဆိုတော့ ကုန်းလမ်းလည်းမပေါက်ဘူး။ ဒလက်ချောင်းဖျားဘက်ကို ဒါကြောင့် ဆန်တွေတင်လို့မရဘူး။ အဲဒါကြောင့် စားဖို့မရှိလို့ ဒလက်ကိုဘဲ ရှိတဲ့နေရာကိုဘဲ ပြောင်းလာကြတယ်။"

ဒီလိုရိက္ခာပြတ်လပ်ပြီး စားစရာမရှိလို့ ထွက်ပြေးလာတာ လူ သုံးထောင်နီးပါးရှိတယ်လို့ သူတို့ကို ကူညီစောင့်ရှောက်ပေးနေတဲ့ မင်္ဂလာဒုံကျေးရွာက ဆရာတော် ဦးသုမနက မိန့်ပါတယ်။

"စားနပ်ရိက္ခာပြတ်လပ်နေလို့ ချောင်းဖျားကနေ ဆင်းလာနေကြတယ်၊ ညောင်ချောင်းတို့ ဘွေး တို့၊ ဝင်ဝ ကျေးရွာတို့ အဲမှာ လုံးတုံတို့ ဆင်းချလာတာ လူဦးရေ သုံးထောင်လောက်ရှိတယ်၊ မင်္ဂလာဒုံနဲ့ ရှမ်းကုန်းနဲ့ ပေါင်းလို့ ရှိရင်လေ၊ တချို့ကျတော့လည်း အစားအသောက်က လုံးဝပျက်နေပြီလေ၊ ဆန်လည်း မရှိကြ တော့ဘူး၊ စားမှုခက်ခဲတော့ ဦးဇင်းကျောင်းမှာလည်း ခိုလှုံနေတယ်။"

ဒီပိတ်မိနေတဲ့ ချင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ဟာ စားသောက်အတွက် အရေးပေါ်ရိက္ခာ လိုအပ်နေပြီး ချင်းအရပ်ဘက်အဖွဲ့တွေလည်း ကူညီဖို့ကြိုးစားနေကြပါတယ်။

ဒီလိုစားနပ်ရိက္ခာ အခက်အခဲဖြစ်တဲ့နေရာကို ဆန်သွားလှူဖို့ တပ်ဘက်က ခွင့်ပြုတာကို စောင့်နေတယ်လို့ ချင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (CHAT)က ဆလိုင်းဝင်းမောင်က ပြောပါတယ်။

"ရိက္ခာကတော့ လုံးဝကို ပြတ်နေတယ်ပေါ့နော်၊ အခုက ကျနော်တို့အဖွဲ့နဲ့ RRCI အဖွဲ့တို့ ဆွေးနွေးတိုင်ပင် ကြတဲ့အခါမှာ ပိတ်မိနေတဲ့နေရာကို ဆန်အိတ် ၅၀ လှူမယ်ဆိုပြီး စီစဉ်ထားတယ်၊ ဆန်အိတ် ၅၀ ဟာ လောလောဆယ် တပ်ဘက်က ခွင့်မပြုသေးတဲ့အချိန်မှာ ဆန်အိတ်က မရောက်နိုင်သေးဘူးပေါ့၊ တပ်ဘက်ကို ဖုန်းဆက်မေးတော့ အထက်ကို စာတင်ပေးတယ်လို့ပြောတယ်၊ သူတို့ဆီက ပြန်အကြောင်းမကြားသေးဘူး၊ ဟိုဘက်ကခွင့်ပြုရင် လုံခြုံရေးကအစ တာဝန်ယူပေးမယ်လို့ပြောတယ်။"

ဒလက်ချောင်းကျေးရွာအုပ်စုထဲမှာ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ၃၆ ရွာနဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ငါးရွာလောက်ရှိပါတယ်။

ဒလက်ချောင်းကျေးရွာအုပ်စုဟာ အမ်းမြို့ကို ကုန်းလမ်း၊ ရေလမ်းနဲ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဇန်နဝါရီလဆန်းကစလို့ AA အဖွဲ့ကို ရိက္ခာရောက်သွားမှာ တားမြစ်တာဆိုတဲ့ တပ်မတော်ဘက်က အကြောင်းပြချက်နဲ့ ရိက္ခာသယ်ယူခွင့်နဲ့ သွားလာခွင့်တွေ ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီရိက္ခာ ပြတ်လပ်နေတဲ့လူတွေထဲက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိူးသမီးတွေ လည်းပါတာကြောင့် ရိက္ခာပြတ်လက်ပြီး ဒုက္ခရောက်နိုင်တာကြောင့် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့  ချင်း စစ်ဘေးဒုက္ခသည်များ အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI က ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောပါတယ်။

"တခြားသော အမျိုးသားတွေနဲ့ သက်ကြီးပိုင်းတွေက တောင့်ခံနိုင်ပေမယ့် ကလေးတွေနဲ့ နို့ တိုက်မိခင် တွေအတွက်ကျတော့ အများကြီး စိုးရိမ်စရာရှိတယ်၊ အစာရေစာ ပြတ်လပ်ပြီး အသက်အန္တရာယ် ထိခိုက်တာမျိုးတွေဖြစ်သွားမှာ စိုးရိမ်တယ်၊ လူ့အခွင့်အရေးအရဆိုရင်လည်း စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကိုတော့ စားဝတ်နေရေး ဖူလုံအောင် လုပ်ပေးဖို့ လုံခြုံရေးလမ်းကြောင်းအရ စီမံပေးဖို့က နှစ်ဘက်တပ်တွေမှာ တာဝန်ရှိတယ်လို့ ကျမကတော့ ယူဆတယ်၊ ဒါကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးညှိနှိုင်းပေးရင် ကောင်းမယ်။"

ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ် မေးမြန်းတဲ့အခါ သူအနေနဲ့ အသေးစိတ်မသိတာကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို မေးဖို့ ပြောပါတယ်။

လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့် ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ခွင့်တောင်းတဲ့လူတွေကို ခွင့်မပေးတာမရှိဘူးလို့ ပြောပါတယ်။

"ငါတို့ဆီ ခွင့်ပြုချက်တောင်းတာမှန်သမျှ ခွင့်မပြုတာ တစ်ခုမှမရှိဘူး၊ ငါတို့ကတော့ ဆန်သယ်တာတွေ သွားတာတွေ ခွင့်ပြုတာပဲ၊ တပ်နဲ့ဆိုင်လား မဆိုင်လားတော့မသိဘူး၊ သူတို့ကအောက်က တင်လား မတင်လားဆိုတာ၊ တို့ဆီမှာလာသမျှတော့ ခွင့်ပြုမယ်။"

ဒီလို ရိက္ခာပြတ်လပ်တာတွေကြောင့် ရွာတွေထဲက ချင်းလူငယ်တချို့ကတော့ ရန်ကုန်ကို ထွက်ပြေး ခိုလှုံနေတာတွေလည်း ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တပ်မတော်က ရိက္ခာသယ်ယူခွင့် ပိတ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို  ပြီးခဲ့တဲ့ရက်ပိုင်းက မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။

AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာ စစ်ဘေးဒုက္ခသည် ၉၀၀၀ ကျော် ရှိသလို ရခိုင်ပြည်နယ်မှာလည်း ချင်းလူဦးရေ ‌ခြောက်ထောင်ကျော် ဒုက္ခရောက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။