ပီနန်ဆရာတော်ကျောင်း ချိတ်ပိတ်ခံရ
2014.06.10

ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို ့နယ်က မဟာသန္တိသုခ ကျောင်း တိုက်ကို မနေ့က အင်္ဂါနေ့ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို ့နယ်နဲ့တိုင်းသံဃာ တချို့ရောက်လာပြီး ကျောင်းရှိသံဃာတွေကို သံဃာ့ မဟာနာယကရုံးကို ခေါ်ဆောင်သွားသလို ကျောင်းကို လည်း ချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။
ကျောင်းကို ရုတ်တရက် ဝင်ရောက်ရှာဖွေပြီးတဲ့နောက် ချိတ်ပိတ်လိုက်တာလို့ ကျောင်း ကိုခေတ္တစောင့်ရှောက်နေတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဆရာတော် ဦးဥတ္တရက မနေ့ညက သံဃာ့မဟာနာယ ကရုံးထဲကနေ RFA ကိုမိန့်ပါတယ်။
"ဘုန်းကြီးတို့ပစ္စည်းတွေ သိမ်းပြီးတော့ သူတို့ကရဲနဲ့ တိုင်းသံဃာ့နာယကနဲ့ တိုင်းသာသနာရေးမှူးတွေနဲ့ ချိတ်ပိတ်မှာပေ့ါ၊ ဟိုဘက်ဒီဘက် အငြင်းပွားမှုတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဒီကျောင်းကနေဖယ်ပေးဖို့ ချိတ်ပိတ်လိုက်တယ်၊ တကယ်လို့ တရားစွဲလို့နိုင်တယ်ဆိုရင် နိုင်တဲ့သူကို ဖွင့်ပေးမယ်လို့ပြောတယ်"
လောလောဆယ်မှာ ပီနန်ဆရာတော်ကြီးက ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့အတွက် ဆရာတော်ကို RFA က ဆက်သွယ်လျှောက်ထား မေးမြန်းတဲ့အခါ ဆရာတော်က
"သံဃာ့နာယကကလည်း သူတို့ပိုင်တယ်လို့ပြောတယ်၊ ဘုန်းကြီးကလည်း ဘုန်းကြီးပိုင်တယ်၊ ဘုန်းကြီးမှာ ဂရန်လည်းရှိတယ်၊ သာသနာ့မြေပေးထားတာကလည်း ဘုန်းကြီးနာမည်ပေးထားတာ၊ တကယ်လို့ အငြင်းပွားတယ်ဆိုပါတော့ တရားရုံးမှာဖြစ်ဖြစ် ဝိနိစ္ဆယရုံးမှာဖြစ်ဖြစ် သံဃာတော်တွေပဲဆိုတော့ သူတို့သက်ဆိုင်ရာရုံးမှာ သွားပြီးစစ်ဆေးရင် ပြီးတာပါပဲ၊ သူတို့မဟုတ်ဘဲနဲ့ ညသန်းခေါင်ကျော်မှာ စစ်တပ်နဲ့ဝိုင်းပြီးတော့ ဘုန်းကြီးတို့ကို အဓမ္မလုပ်သွားတယ်ဆိုတော့ အဲဒါက ဗမာပြည်ရဲ့ ယဉ်ကျေးမှုလား၊ ဗမာပြည်ရဲ့ ဒီမိုကရေစီသွားမယ့်နိုင်ငံလားဆိုတာ ကမ္ဘာကြီးကို သက်သေပြလိုက်ပြီ၊ အဲဒါကြောင့်မို့ ဗမာတစ်တိုင်းပြည်လုံးက သူတို့ရဲ့လုပ်ရပ်တွေကို အားလုံးနားလည်ဖို့လိုတယ်လို့ ဗမာလူထုကို ဘုန်းကြီးက မေတ္တာရပ်ခံချင်တယ်"
ပြီးခဲ့တဲ့ မတ်လ တုန်းကလဲ ဆရာတော် ဦးပညာဝံသနဲ့တပည့်တွေကို ကျောင်းကနေထွက်ပေးဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့မိန့်ကြားခဲ့ပါတယ်။
ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို ့နယ်က မဟာသန္တိသုခကျောင်းတိုက်ကို အင်္ဂါနေ့ညက ချိတ်ပိတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို ့ကျောင်းကိုခေတ္တစောင့်ရှောက်နေတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဆရာတော် ဦးဥတ္တရကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
မဟာသန္တိသုခ ကျောင်းတိုက်ကို မနေ့ညက ချိပ်ပိတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံကို ခေတ္တကြွနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။