အဓမ္မလုပ်အား ခိုင်းစေကြောင်း တိုင်ကြားမှုတိုး

၂၀၀၇ ခုနှစ် အစပိုင်း ကတည်းက အိုင်အယ်လ်အို ရုံးခွဲက လက်ခံ ရရှိတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေခံရမှု တိုင်ကြားမှုပေါင်း ၇၅၀ ခန့်လက်ခံရရှိခဲ့ပြီး အဲဒီအထဲမှာ တိုင်ကြားမှု ၆၀၀ နီးပါးက အသက်မပြည့်သူ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတဲ့ တိုင်ကြားမှုတွေ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် အိုင်အယ်လ်အိုရုံးခွဲက မနေ့က ပြောပါတယ်။

2011.06.08
child_soldier_san_oo_305_z ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ်မပြည့်သေးသော မောင် ဆန်းဦးအား ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
Photo: AFP

မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ အိုင်အယ်လ်အိုရဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု အကြောင်းအရာ လက်ကမ်း စာစောင်ကြောင့် တိုင်ကြားတဲ့သူတွေ ပိုများလာတာ ဖြစ်နိုင်ပြီး တကယ်တန်း အဓမ္မလုပ်အား ပေး ပိုများလာတာလို့တော့ မဆိုနိုင်ဘူးလို့ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို ရုံးခွဲ အကြီးအကဲ မစ္စတာ Steve Marshal က ပြောပါတယ်။

မြန်မာနိုင်ငံသား အတော်များများဟာ သူတို့မှာရှိသင့်တဲ့ အခွင့်အရေးတွေကို မသိ နားမလည်သေး သလို ကျင့်သုံးပိုင်ခွင့်လည်း မရှိဘူးလို့မစ္စတာ မာရှယ်က ပြောပါတယ်။

၂၀၀၇ ခုနှစ်စပြီး ပြောရရင် အသက်မပြည့်သေးသူ ကလေးစစ်သား ၁၇၄ ယောက်ကို အစိုးရက ပြန်လည်လွှတ်ပေးခဲ့ပြီး စစ်တပ် အရာရှိ ၂၀ နဲ့ကျန်တဲ့ အဆင့်က စစ်တပ်အမှုထမ်း ၁၁၀ ကိုလည်း အစိုးရက အရေးယူခဲ့ကြောင်း မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောတယ်လို့သိရပါတယ်။

ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို ရုံးခွဲက လက်ခံရရှိတဲ့ တိုင်ကြားစာတွေထဲမှာ အိုင်အယ်လ်အို လုပ်ပိုင်ခွင့် နဲ့မသက်ဆိုင်တဲ့ လယ်ယာမြေ အဓမ္မ အသိမ်းခံရတာတွေ အဂတိ လိုက်စားမှုတွေ နဲ့ တခြား စက်မှုလုပ်ငန်း ဆိုင်ရာ ပဋိပက္ခတွေလည်း ပါဝင်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။