ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေထိန်းချုပ်မှုကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ စိုးရိမ်နေ

2022.04.08
ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေထိန်းချုပ်မှုကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ စိုးရိမ်နေ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မှာရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တွေ့ရစဉ်
Photo: RFA
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေနဲ့ ရတဲ့ဝင်ငွေကို တစ်ရက်အတွင်း လိုင်စင်ရ ဘဏ်တွေမှာ မြန်မာငွေနဲ့ လဲရမယ် လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ဗဟိုဘဏ်က စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံခြားစီးပွားရေးအုပ်စုတွေက စိုးရိမ်တကြီး ဖြစ်နေကြတယ်လို့ AP သတင်းမှာ ဒီနေ့ ဖော်ပြထား ပါတယ်။
 
ဒီစည်းကမ်းချက်အသစ်တွေကြောင့် မြန်မာ့လူနေမှုအဆင့်အတန်း ပိုပြီးနိမ့်ကျသွားနိုင်တယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားနိုင်တယ်၊ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစ တြေးလျနဲ့ တခြား ကုန်သည်ကြီးများအသင်းတွေက ဒီကနေ့ပဲ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။
 
ဗဟိုဘဏ်က စည်းကမ်းချက်သစ်တွေကို အသေးစိတ်တော့ မထုတ်ပြန်သေးပါဘူး။ နိုင်ငံခြား ဝင်ငွေကို တစ်ရက်အတွင်း လဲရမယ်လို့ ဧပြီလ ၄ ရက်နေ့က ဗဟိုဘဏ်က စည်းကမ်းချက် ထွက်လာပြီး သုံးရက်အကြာ မနေ့တုန်းကတော့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သူ့ရဲ့ အိမ်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
 
သူသေဆုံးသွားပြီလို့ ပြည်တွင်းသတင်းအချို့မှာ ဖော်ပြနေကြပေမယ့် RFA ကတော့ အတည်မပြုနိုင်သေးပါဘူး။
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာ သူတို့ရဲ့ လက်ချက်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။