မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အာရှနိုင်ငံများ ရှေ့ကပြေးနေ
2014.11.06

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပေါ်ထွက်လာပြီဆိုပြီး လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေထဲမှာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေထက် တရုတ်နဲ့ ထိုင်းတို့လို အာရှနိုင်ငံတွေက ပိုမို များပြားကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ရေးသားဖေါ်ပြထားပါတယ်။
ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားရေးမှူးဌာနကို ကိုးကားပြီး ရေးသားထားရာမှာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကိန်းဂဏန်းတွေ အရ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ ကုမ္ပဏီတွေထဲမှာ စင်ကာပူက ၁၃၄ ခု၊ ထိုင်းနိုင်ငံက ၈၀၊ တရုတ်ပြည်က ၇၃ ခု ဟောင်ကောင်က ၈၅ ခု ရှိကြပြီး၊ ကနေဒါက ၁၈ ခု၊ အမေရိကန်က ၁၅ ခု၊ သြစတြေးလျက ၁၅ ခုနဲ့ နယ်သာလန်က ၁၀ ခု သာရှိကြတယ် လို့ ဆိုပါတယ်။
အနောက်အုပ်စုနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံ တစ်နိုင်ငံထဲသာ ကုမ္ပဏီ ၇၅ ခုအထိ များများစားစားရှိတယ်လို့ လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံက ကုမ္ပဏီ ၇၅ ခု၊ တောင်ကိုရီးယားက ၁၀၀၊ မလေးရှားက ကုမ္ပဏီ ၅၀ တို့လည်းပဲ မှတ်ပုံတင်ထားကြပြီး၊ လာမယ့်ဧပြီလအထိဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ငါးဘီလီယံရှိမယ် လို့ ဖေါ်ပြထားပါတယ်။