သစ်တောပိုင်မြေကို ပုဂ္ဂလိကပေးထားတာ ရုပ်သိမ်းပေးဖို့ တောင်းဆို
2016.09.16
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တံငါကျေးရွာအုပ်စု အနီးက သစ်တောပိုင်မြေဧက ၈၀၀ မှာ နှစ်ရှည် သစ်ပင်တွေစိုက်ဖို့ အရင်အစိုးရလက်ထက်ကချထားပေးတဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပေး ဖို့ ဒေသခံတောင်သူ ၄၀၀ ကျော်က ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။
ဒီကနေ့ ကျေးရွာအတွင်းလှည့်လှည်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်လက်ဆန္ဒ ထုတ်ဖော် သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဖောင်းပြင်မြို့နယ် တံငါကျေးရွာအုပ်စုက ဒေသခံတောင်သူ ဦးမင်းနိုင်ထွန်းက ပြောပါတယ်။
"ဟုတ်ကဲ့။ မနက်ဖြန်ကော ပြမှာပါခင်ဗျ။ မနက်ဖြန်မနက် ၁၀ နာရီထိုးကို စမယ်ဗျ။ ၁၂ နာရီထိုးမှာ ပြီးဆုံးမယ်ဗျ။ ဒီနေ့ကတော့ ကျနော်တို့ တံငါကျေးရွာအတွင်းမှာပဲဗျ။ မနက်ဖြန်မှာတော့ သူတို့ သန်းကုဋေအောင် ကုမ္ပဏီလုပ်ကွက်စွဲထားတဲ့ အထဲမှာပါဗျ။ မနက်ဖြန်ကတော့ ဒီကျနော်တို့ အထက်ကို စာတင်ထားတာတော့ လူဦးရေ ၁၀၀ လို့တင်ထားပါတယ်ဗျ။"
တံငါကျေးရွာအုပ်စုအနီးက သစ်တောပိုင်မြေ ဧက ၈၀၀ ကျော်မှာ နှစ်ရှည်ပင်တွေစိုက်ပျိုးဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတခုကို အရင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ပုဂ္ဂလိကကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားတဲ့ အဲဒီသစ်တောမြေအတွင်းမှာ ချောင်းငယ်တစ်ခုရှိပြီး ဒေသခံတွေက အဲဒီချောင်းက စီးဆင်းလာတဲ့ရေကို သောက်သုံးရေနဲ့ လယ်ယာမြေတွေအတွက် စိုက်ပျိုးရေအဖြစ် သုံးစွဲနေ တာကြောင့် ချောင်းရေတိမ်ကောမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် အရင်က အဲဒီသစ်တောဧရိယာဟာ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ စားကျက်မြေဖြစ်ခဲ့သလို ဒေသခံတွေက လည်း သစ်ခုတ်ဝါးခုတ်တာတွေရှိခဲ့ပေမယ့် ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးလိုက်ပြီးနောက်ပိုင်း အဲဒီမြေအတွင်း ဝင်ရောက်ခွင့် မရှိတော့တာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာနေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ သန်းကုဋေအောင်ကုမ္ပဏီက အဲဒီသစ်တောမြေဧက ၈၀၀ ကျော်မှာ မျောက်ငိုပင်နဲ့ လျှော်ဖြူပင်တွေ စိုက်ပျိုးနေပါတယ်။