ဗကသ ကျောင်းသားဟောင်း ကန့်ဘလူမြို့နယ်ထဲ အသတ်ခံရ

2021.12.04
ဗကသ ကျောင်းသားဟောင်း ကန့်ဘလူမြို့နယ်ထဲ အသတ်ခံရ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနှင်းအောင် ကို တွေ့ရစဉ်
ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် တိုင်းရင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ကိုနှင်းအောင်ဟာ ဒီဇင်ဘာလ ၃ ရက် မနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တင်းငုတ်ကြီးရွာနားမှာ အသတ်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုနှင်းအောင်ရဲ့ ရင်ဘတ်နဲ့ မျက်လုံးမှာ သေနတ်ကျည်ဆန် ထိမှန်ထားတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ကန့်ဘလူ ရင်ခွဲရုံကို အလောင်းက ရောက်လာတယ်။ လူမှုကူညီရေးအသင်းက လာပို့ထားတာပေါ့၊ မနက်ဖြန် မီးသင်္ဂြိုဟ်မှာပါ။ ကြားရတာကတော့ တင်းငုတ်ကြီးရွာနားမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ လောက် စစ်ဆေးနေတာရှိတယ်။ အဲဒီမှာ ဆိုင်ကယ်တားတာကို ရပ်မပေးလို့ ပစ်လိုက်တယ်လို့ ကြားရတယ်“

ကိုနှင်းအောင်ဟာ ရွှေဘိုတက္ကသိုလ် ဗကသ ကျောင်းသားဟောင်းလည်းဖြစ်ပြီး ခင်ဦး ဇာတိဖြစ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုနှင်းအောင် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဂုဏ်ပြုအပ်တဲ့ ရဲဘော်တစ်ဦးဆိုကာ ဂုဏ်ပြုသဝဏ်လွှာကို ဗကသအဖွဲ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။