မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းရဲ့ မိဘအိမ် ချိတ်ပိတ်ခံရ

2021.12.11
မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းရဲ့ မိဘအိမ် ချိတ်ပိတ်ခံရ စစ်ကောင်စီက ချိတ်ပိတ်လိုက်တဲ့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုချမ်းမြေ့ကိုရဲ့ မိဘနေအိမ်နဲ့ စားသောက်ဆိုင်ကို တွေ့ရစဉ်
ဓာတ်ပုံ - ကိုချမ်းမြေ့ကို

အမွေပြတ်စွန့်လွှတ်ခံထားရတဲ့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုချမ်းမြေ့ကိုရဲ့ မိဘနေအိမ်ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ချိတ်ပိတ်ခံလိုက်ရတယ်လို့ ကိုချမ်းမြေ့ကိုက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီလောက်မှာ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်က ကိုချမ်းမြေ့ကိုရဲ့ မိဘတွေပိုင်ဆိုင်တဲ့ နေအိမ်နဲ့ စားသောက်ဆိုင်ရှိရာလမ်းကို စစ်သားနဲ့ ရဲအင်အား ၃၀ ဝန်းကျင်က ပိတ်ဆို့ပြီး ချိတ်ပိတ်ခဲ့တာလို့ ကိုချမ်းမြေ့ကိုက ဆိုပါတယ်။

"အဆိုပါ အိမ်နှင့်စားသောက်ဆိုင်က အမွေပြတ်ကြေညာထားတဲ့ မိဘတွေရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ကျွန်တော်နဲ့ အဆက်သွယ်ပြတ်တောက်ခဲ့တာ အာဏာမသိမ်းခင်ကတည်းကဖြစ်ပါတယ်။ အိမ်နဲ့ ဆိုင်က တစ်ဆက် တည်းဖြစ်ပါတယ်။ ခြံစည်းရိုး ခြားလား၊ မခြားလားတော့ မရောက်တာကြာလို့ မသိပါဘူးခင်ဗျ"

ကိုချမ်းမြေ့ကိုဟာ စက်တင်ဘာလကုန်ပိုင်းကစပြီး သူ့မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာကနေတဆင့် တရားဝင်ကြေညာထားခဲ့တာပါ။

ဒါပေမဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဒီအိမ်မှာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်လို့ ရေးသားပြီး နိုင်ငံတော်ပိုင်သိမ်းတယ်ဆိုတဲ့ စာသားကိုပါ ချိတ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဝန်ကြီးတချို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ချိတ်ပိတ်တာ တွေရှိခဲ့ပါတယ်။ အခုကျောင်းသားသမဂ္ဂဟောင်း တစ်ယောက်ရဲ့ နေအိမ်ကိုလည်း ချိတ်ပိတ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၀ ကျော်ရဲ့ အိမ်တွေကိုလည်း ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်အတွင်း စစ်ကောင်စီက ပိတ်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။