အခွင့်အရေးချိုးဖေါက်မှု ရပ်တန့်ဖို့ Fortify Rights အဖွဲ့ ထုတ်ပြန်


2015.10.01

မြန်မာအစိုးရအနေနဲ့ နိုင်ငံမှာ ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ရပ်တန်းကရပ်ဖို့ လိုအပ်နေပြီလို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Fortify Rights အဖွဲ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လေးနှစ်တစ်ကြိမ် ပုံမှန်ဆောင်ရွက်နေတဲ့ UPR ခေါ် နိုင်ငံတကာ လူ့အခွင့်အရေး ပြန်လှန်စစ်ဆေးသုံးသပ်မှုအတွက် နိုင်ငံတွေရဲ့ လူ့အခွင့်အရေး တိုးတက်မှု ဆုတ်ယုတ်မှုအခြေအနေတွေကို ပုံမှန်တင်သွင်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂက စိစစ်ခဲ့ပါတယ်။ အခု လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ မြန်မာနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် သုံးသပ်စိစစ်မှာဖြစ်ပါတယ်။ အဲဒီပွဲမှာ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို တက်ရောက်ပြီး အစိုးရရဲ့ လူ့အခွင့်အရေးအစီရင်ခံစာ ကို တင်သွင်းမယ်လို့ သိရပါတယ်။

Fortify Rights အဖွဲ့ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အရပ်သားတွေအပေါ် မဆင်မခြင် တိုက်ခိုက်တာတွေ၊ အဓမ္မလုပ်အား ယူခိုင်းစေတာတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီ ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် ဘယ်လိုဘယ်ပုံ အားထုတ်ကြိုးပမ်းမယ်ဆိုတာတွေကို အခိုင်အမာ ကတိပြုသင့်တယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။