ရသေ့တောင်မှာ တပ်မတော်က အင်အားသုံးတိုက်ခိုက်၊ အရပ်သား ‌လေးဦးဒဏ်ရာရ


2020.10.14

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း အောင်သာစည်တောင်တန်းတဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ မနေ့ကစလို့ တပ်မတော်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားသုံးတိုက်ခိုက်နေပြီး ဒီနေ့မှာတော့ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော်ဟာလည်း ထွက်ပြေးနေကြရပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်ဘက် မယူမြစ်တစ်ဘက်ကမ်းမှာရှိတဲ့ ပြာပင်ရင်းကျေးရွာ စာသင်ကျောင်းကို ဒီနေ့ နေ့လယ်က လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ အဲဒီမှာ ပုန်းအောင်းခိုလှုံနေတဲ့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၃၅ နှစ်အရွယ် ဦးသန်းစိန်မောင်၊ အသက် ၃၃ နှစ်အရွယ် ကိုမောင်မြခင်၊ အသက် ၅၈ နှစ်အရွယ် ဦးမောင်မြထွန်းနဲ့ အသက် ၅၇ နှစ်အရွယ် ဦးဘရွှေတို့ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအထဲက ဦးမောင်မြထွန်းနဲ့ ဦးဘရွှေတို့နှစ်ဦးမှာတော့ ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်တွေမှာ ကျည်စတွေ ထိမှန်သွားလို့ ဒဏ်ရာပြင်းထန်တယ်လို့ ရွာသားတွေကပြောပါတယ်။

သူတို့ လေးဦးဟာ လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်လာချိန် လုံခြုံမယ့်နေရာမှာ ခိုလှုံဖို့ ထွက်ပြေးကြရာမှာ အခုလို ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

“မနေ့က မြောက်ဘက်ပိုင်းကိုလည်းပစ်တယ်။ ကျွန်မတို့ရွာကိုလည်း ပစ်တယ်။ မနေ့ညကလည်း ဘယ်ကို ပစ်လို့ ပစ်မှန်းမသိလို့ လူတွေက ရွာပြင်ကို ထွက်ပြေးကြရတယ်။ အိမ်အောက်က ဗုံးခိုကျင်းထဲမှာ ဝင်ပုန်း နေကြရတယ်။ သူတို့က အချိန်မရွေးပစ်နေကြတာ။ ဒီနေ့ မနက်ကတော့ ပစ်သံတွေမကြားရတော့ ငြိမ်သွားပြီထင်ပြီးတော့ ထွက်ပြေးရာက ရွာကိုပြန်ဝင်သူ ဝင်လာကြတယ်။ ကလေးသူငယ်တွေကတော့ ဘုန်းကြီးကျောင်းမှာပဲ နေကြရတယ်။ သူတို့ လေးဦးက ပစ်ခတ်သံတွေကြားရလို့ ရွာထဲကနေ ဘုန်းကြီးကျောင်းကို ထွက်ပြေးလာကြရာမှာ ဘုန်းကြီးကျောင်းကို မရောက်လိုက်ဘူး။ စာသင်ကျောင်းထဲကို ပြေးဝင်သွားကြတယ်။ လက်နက်ကြီးက အဲဒီစာသင်ကျောင်းနံရံကို ဖောက်ဝင်ပြီး ကွဲသွားတာ။ ဒဏ်ရာ ရသူတွေကိုတော့ ဆေးရုံကိုပို့လိုက်ပြီ။ ရွာကလူတွေကတော့ အားလုံး ဘုန်းကြီးကျောင်းမှာပါ”

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် ခုနှစ်မိုင်ခန့်အကွာ အောင်သာစည်ရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကမနက် ၆ နာရီကျော်လောက်ကနေစပြီး ည ၁၀ နာရီဝန်းကျင်လောက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့မှာလည်း တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ကြိုကြားကြိုကြားပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တပ်မတော်က ကြည်း၊ ရေ၊ လေ၊ ဘက်ပေါင်းစုံက အင်အားတွေကို သုံးပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ထီးစွဲမှာရှိတဲ့ ဇက်သင်္ဘောပေါ်ကနေ ပစ်တာရှိတယ်။ နောက်ပြီးတော့ ထီးစွဲရွာမှာ အခြေပြုထားတဲ့ အစိုးရ တပ်မတော်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ ဆောက်ခတ်မှာနေတဲ့ အစိုးရ တပ်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတယ်။ နောက်ပြီး ရေစိုးချောင်းဗျူဟာကရော အမှတ်- ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်တွေကနေ လှမ်းပစ်တာတွေရှိတယ်။ မနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးလာကြဲတာရှိတယ်။ နောက်ပြီး ဆယ်နာရီ ဆယ့်တစ်နာရီဝန်းကျင်မှာလည်း အဲဒီမှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လာကြဲတာရှိတယ်။ ညနေ ၃ နာရီခွဲလောက်မှာလည်း ဂျက်ဖိုက်တာ သုံးစီးနဲ့ လာကြဲပြန်တယ်။ ညနေ ၅ နာရီခွဲလောက်မှာလည်း ဂျက်ဖိုက်တာ နှစ်စီးနဲ့လာကြဲတာရှိတယ်။ တိုက်ပွဲကတော့ အကြီးအကျယ် ဖြစ်ကြတာပေါ့နော်”

တပ်မတော်က တိုက်ခိုက်ရေးလေယာဉ်တွေသုံးပြီး မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လေးကြိမ်လောက် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မနေ့က တပ်စခန်းအသီးသီးကနေ ဝိုင်းဝန်းပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေဟာ မနက် ၆ နာရီလောက်ကနေ ည ၁၀ နာရီဝန်းကျင်လောက်အထိ အချက်ပေါင်း တစ်ထောင်ဝန်းကျင်လောက် ရှိနိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းကြပါတယ်။

တပ်မတော်ကပစ်ခတ်တဲ့ အချို့လက်နက်ကြီးတွေဟာ ပြင်းထန်တာကြောင့် တိုက်ပွဲအနီးဝန်းကျင်က AA တပ်ဖွဲ့ဝင်တချို့ ခေါင်းတွေမူးဝေလာတာ၊ နှာခေါင်းသွေးယိုတာတွေ ကြုံရတာကို AA အဖွဲ့နဲ့နီးစပ်သူတွေကနေ တဆင့် ကြားသိရကြောင်းလည်း အမည်မဖော်လိုတဲ့ ဒေသခံကဆိုပါတယ်။

ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မနေ့က တိုက်ပွဲဟာ အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုလို့ ဆိုနိုင်ကြောင်း RFA ကိုပြောပါတယ်။

“အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့က အပြင်းဆုံးလို့ပြောကြတယ်။ ဒါပေမဲ့ မနေ့တိုက်ပွဲကတော့ အဲဒီနေ့တွေထက် အဆပေါင်းများစွာ ပြင်းထန်တယ်။ လေကြောင်းတွေနဲ့ ရေကြောင်းတွေ အကုန်လုံး ခြောက်နေရာလောက်ကပစ်တော့ လက်နက်ကြီး လက်နက်ငယ်တွေရော အပြန်အလှန်ပစ်ကြတာရော မိုးသီးမိုးပေါက်လိုပဲ ပြင်းထန်တယ်။ ခြောက်မိုင် ခုနစ်မိုင်တွေက အိမ်တွေဆိုရင် တုန်ခါသွားတယ်။ မီးခိုးတွေ အများကြီးထွက်တယ်။ တချို့ကျတဲ့နေရာ မီးလောင်တယ်။ အဲဒါတွေကို အဝေးကမြင်ကြရတယ်။ တော်တော်ကို ပြင်းထန်တယ်”

မနေ့က အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်က သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော်က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ တောင်ကုန်းတွေဖြစ်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ AA အဖွဲ့က အခိုင်အမာနေရာယူထားတဲ့ အဲဒီ စိုးမိုးတောင်ကုန်းတွေကို မနေ့မွန်းလွဲပိုင်းမှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း တပ်မတော်က လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းပစ်ကူတွေအပြင် တိုက်ခိုက်ရေး ဒရုန်းတွေပေါ်ကနေ ဗုံးကြဲချပြီး အဲဒီနေရာကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လို့  အဲဒီနေရာကနေ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကပင် တပ်မတော်ဘက်က မြေပြင်အင်အား ၇၀၀ ကျော်အသုံးပြုပြီး တိုက်ခိုက်နေတာလို့ AA အဖွဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မနေ့က တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ တချိန်တည်းမှာပဲ အောင်သာစည်ရွာကနေ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို မြစ်တစ်ဘက်ကမ်းကနေ လှမ်းမြင်ခဲ့ရတယ်လို့ အောင်သာစည် ကျေးရွာသား ဦးမောင်သာထွန်းကပြောပါတယ်။

“ပထမ လေယာဉ်နဲ့ တစ်ကြိမ် နှစ်ကြိမ်ပစ်တယ်။ နောက်ဆုံးတစ်ကြိမ်မှာ ဗုံးချတာနဲ့ ဟုန်းခနဲ့ထလောင် သွားတာကို ဒီဘက်ကမ်းက လှမ်းကြည့်လို့မြင်နေရပါတယ်။ လေယာဉ်ပျံလာတာတွေ့တယ်။ ဗုံးချတာကို တွေ့တယ်။ အဲဒီအချိန်မှာပဲ မီးခိုးတွေထွက်ပြီးတော့ တခါတည်းလောင်သွားတာကို တွေ့တယ်။ နောက်ပြီးတော့ ဇက်ပေါ်ကပစ်ခတ်တဲ့ အတွဲလိုက်ဒုံးတွေ ချွီးခနဲပစ်လိုက်တဲ့ဟာတွေလည်း အဲဒီနေရာမှာ ကျတယ်။ အဲဒါတွေလည်း မီးလောင်ပါတယ်ခင်ဗျ။ အိမ်တွေကတော့ ကျွန်တော်တို့ခန့်မှန်း သလောက် ဘုန်းကြီးကျောင်းရော ဘာတွေရော ဘာမှကိုမကျန်နိုင်တော့ပါဘူး။ ဒီလောက်ဆိုရင် တစ်ရွာလုံး ပြာကျသွားပြီလို့ထင်တယ်”

အိမ်ခြေ ၈၀ ကျော်ရှိတဲ့ အောင်သာစည်ကျေးရွာသားတွေဟာ ပြီးခဲ့ဇွန်လလောက်က တပ်မတော်က စစ်ဆင်ရေးအတွက် တိမ်းရှောင်နေကြဖို့ အသိပေးခဲ့ချိန်ကတည်းက နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး ခိုလှုံနေကြရတာပါ။

ရွာကို ဘယ်သူမှသွားမကြည့်နိုင်လို့ မနေ့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကို အသေးစိတ် မသိရသေးပေမယ့် ယခင်က အဝေးကနေ လှမ်းမြင်နေရတဲ့ ရွာပြင်က နေအိမ်တွေကတော့ အခုမရှိတော့ဘူးလို့ ဦးမောင်သာထွန်းက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ AA အဖွဲ့ဟာ ထိခိုက်ကျဆုံးမှုတွေနဲ့ အောင်သာစည်နဲ့ ကျောက်တန်းရွာတွေကို ဆုတ်ခွာထွက်ပြေးသွားပြီး ညနေပိုင်းမှာ အဲဒီရွာတွေက AA အဖွဲ့က မီးရှို့လို့ မီးခိုးလုံးကြီးတွေ ထွက်လာတာကို တွေ့ရတယ်လို့ ပါရှိပါတယ်။

ဒီနေ့ AA အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ မြန်မာ့တပ်မတော်ဘက်က မရပ်မနား ပစ်ခတ်တိုက်ခိုက်မှုကြောင့် အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းရွာတွေက  လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

တပ်မတော်လေယာဉ်ပေါ်ကနေ ဗုံးကြဲချိန်မှာပဲ ရွာထဲကနေ မီးလောင်တာကိုမြင်ရတယ်လို့ ဒေသခံ မျက်မြင်တွေရဲ့ ပြောဆိုချက်နဲ့ တပ်မတော်ထုတ်ပြန်ချက်တို့ ကွဲလွဲနေတာ၊ တပ်မတော်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားသုံးတိုက်ခိုက်တာ၊ ဒီနေ့ နေ့လယ်က ပြာပင်ရင်းရွာထဲကို လက်နက်ကြီးကျည်ကျရောက်လို့ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရတာ စတဲ့အချက်တွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မနေ့က တိုက်ပွဲတွေကြောင့် အောက်ကျောင်းတောင်၊ အောင်စည်ကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်းစတဲ့ ကျေးရွာတွေက လူပေါင်းတစ်ထောင်ကျော်ဟာ စေတီပြင်ကျေးရွာကို ထွက်ပြေးခဲ့ကြရပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ အရပ်သားထိခိုက်ဒဏ်ရာရမှု ၆၆၇ ဦးနဲ့ သေဆုံးသူက ၂၉၈ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။