ပညာရေးဥပဒေ လေးပွင့် ဆိုင် ဆွေးနွေးပွဲ မပြီးပြတ်သေး


2015.02.01
education-law-meeting-305 အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ က လေးပွင့်ဆိုင်ဆွေးနွေးကြစဉ်
Photo: Sann Maw Aung/ RFA

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ ညပိုင်းအထိ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားကိုယ်စား လှယ်တွေ တောင်းဆိုထားတဲ့ အချက် ၉ ချက်ထဲက ၆ ချက်ကို သဘောတူညီမှုရခဲ့ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ဆရာ၊ ဆရာမများသမဂ္ဂတွေကို အသိအမှတ်ပြုရေး၊ သပိတ်မှောက်ကျောင်းသူ၊ ကျောင်းသားတွေကို အရေး ယူမှုမရှိစေရေးနဲ့ သဘောတူညီမှုဟာ ကျောင်းသား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှုကို အခြေခံရေး အချက်တွေမှာ ဒီနေ့ ညနေပိုင်းအထိ သဘောတူညီမှု မရရှိပဲဖြစ်နေတာပါ။

သဘောတူညီမှုရခဲ့တဲ့ အချက်တွေထဲမှာ ပညာရေး မူဝါဒနဲ့ပတ်သက်ပြီး နည်းဥပဒေတွေ ရေးဆွဲတဲ့အခါ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပြုရေး၊ ရက်ပေါင်း ၃ဝ အတွင်း နည်းဥပဒေကြမ်းထွက်ပေါ်လာဖို့နဲ့ ကျောင်းသားထုရဲ့ လိုလားချက်နဲ့ကိုက်ညီမှ လွှတ်တော်က အတည်ပြုဖို့ စတဲ့အချက်တွေကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေက လေးပွင့်ဆိုင်တေ့ွဆုံပွဲ ကျင်းပပေး ဖို့ တောင်းဆိုရာမှာ အစိုးရဖက်က သဘောတူလိုက်ပြီး ဒီနေ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခုလ ၃ ရက်နေ့ကျရင် နေပြည်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသား ကျောင်းသူတွေက ကန့်ကွက်ပြီး အရင်လ ၂ဝ ရက်နေ့ကစပြီး မန္တလေးကနေ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ဒီနေ့ ဆန္ဒပြတာကို ခေတ္တရပ်နားထားပါတယ်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။