အမ်းမြို့နယ်ပစ်ခတ်မှုမှာ ကလေး နှစ်ဦးနဲ့ လူကြီး နှစ်ဦး ဒဏ်ရာပြင်းထန်
2020.11.12

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က လက်နက်ကြီးကျခဲ့လို့ ဒဏ်ရာရသူ ခြောက်ဦးထဲက ကလေး နှစ်ဦးနဲ့ လူကြီး နှစ်ဦးဟာ စစ်တွေဆေးရုံကြီးကို ဒီနေ့ မနက်အစောပိုင်းက အရေးပေါ်ကုသပေးနိုင်ရေးအတွက် ရောက်လာကြပါတယ်။
အသက် ၃၄ ဝန်းကျင်အရွယ် ဒေါ်တင်မေနှင်း၊ သားဖြစ်သူ ၅ နှစ်အရွယ် မောင်လင်းလင်းအောင်၊ သမီးဖြစ်သူ ၃ နှစ်အရွယ် ရွှေရည်တိုးတိုးနဲ့ ရွာသားတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးခင်မောင်တို့ ဖြစ်ကြပြီး စစ်တွေဆေးရုံကြီးမှာ လိုအပ်တဲ့ ခွဲစိပ်ကုသမှုတွေကို ချက်ချင်းလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ ကူညီပေးနေတဲ့ စစ်ဘေးသင့်လူနာများကူညီရေးအုပ်စုက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူ ခြောက်ဦးအနက် ကျန် နှစ်ဦးကတော့ မြေပုံမြို့နယ် ကမ်းထောင်းကြီးဆေးရုံမှာ ကုသမှုခံယူနေရပြီး အခုစစ်တွေဆေးရုံကို ပို့ဆောင်လိုက်သူတွေကတော့ ဒဏ်ရာတွေပြင်းထန်လို့ ပို့ဆောင်လိုက်တာလို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်လောက်က ရွာထဲမှာ လက်နက်ကြီး တစ်လုံး၊ ရွာပြင်မှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေး လေးဦးအပါအဝင် လူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဟာ ကဇူးကိုင်းတံတားအနီး တောင်ပေါ်မှာတပ်စွဲထားတဲ့ တပ်မတော်က လှမ်းပစ်တာလို့ ဒေသခံအချို့ကပြောကြပေမယ့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဲဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်လုံခြုံရေးအဖွဲ့ကို ရှောက်ခြုံရွာရဲ့ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာ သုံးလမ်းဆုံနေရာကနေ အေအေ အဖွဲ့က ချောင်းမြောင်းပစ်ခတ်လို့ စစ်သည်တစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ်ကလွဲလို့ အခြားဖြစ်စဉ်မရှိဘူးလို့ RFA ကို မနေ့ကပြောခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အမ်းမြို့နယ်အတွင်းမှာ အဲဒီနေ့က AA နဲ့ တပ်မတော်တို့ တိုက်ခိုက်မှုတွေမရှိခဲ့ပေမယ့် ရှောက်ခြုံရွာနဲ့နီးတဲ့ ကဇူးကိုင်းရွာက တပ်မတော်ရဲ့ လက်နက်ကြီးစခန်းကနေ ညနေပိုင်းမှာ တိုက်ပွဲမရှိဘဲ ပစ်ခပ်မှုတွေလုပ်ခဲ့လို့ ရွာသားတွေ ထိခိုက်ခဲ့ရတာလို့ RFA ကို ပြောပါတယ်။