စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခဖြစ်ပွား မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရ
2013.08.09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်းအနီးမှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေး ဝန်ထမ်းတွေနဲ့ မွတ်စလင် ဒုက္ခသည်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မွတ်စလင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းက အုန်းတောကြီးချောင်းအဝင်ဝမှာတွေ့ရှိရတဲ့ မွတ်စလင်အမျိုးသမီး အလောင်းတစ်လောင်းကို သက်ဆိုင်ရာ နယ်မြေခံရဲအရာရှိတွေက သွားရောက်စစ်ဆေးရာမှာ အဲဒီအမျိုးသမီးအလောင်းကိုပြန်ပေးဖို့ ထောင်နဲ့ ချီတဲ့ မွတ်ဆလင်တွေကဝိုင်းအုံတောင်းဆိုခဲ့ကြပြီး အခြေအနေတွေကို မထိန်းနိုင်တော့တဲ့အတွက် ရဲကသေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
“မနက် ၁ဝ နာရီကျော်ကျော်လောက်ပေါ့၊ အဲဒီမှာ အုန်းတောကြီးချောင်းဝမှာ လူသေအမျိုးသမီး အလောင်းတစ်လောင်းတွေ့တော့ ရဲကလုပ်ထုံးလုပ်နည်းအရ စစ်ဖို့ဆိုပြီးသွားသယ်တယ်၊ မွတ်စလင်တွေက အဲဒီအလောင်းကို သူတို့ကိုပေးရမယ်ဆိုပြီး ရဲဆီကိုတောင်းတယ်၊ သူတို့လူအုပ်က တစ်ထောင်လောက်ဖြစ်လာပြီ၊ အဲဒီအတွက်ရဲက ပထမမိုးပေါ်ထောင်ပစ်တယ်၊ သူတို့လူအုပ်ပိုများလာပြီး အတင်းတိုးလာတဲ့အတွက် လောလောဆယ် ၃၊ ၄ ယောက် ဒဏ်ရာရတယ်လို့သိရတယ်”
အဲသည်လို လုံခြုံရေးရဲတွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူစုကွဲသွားခဲ့ပေမဲ့ အဲဒီလူစုဟာ ဘောဒူဘဒုက္ခသည်စခန်းအနီးက နယ်မြေခံရဲစခန်းတစ်ခုအပါအဝင် နယ်စပ်ဒေသ လူဝင်မှုကွပ်ကဲရေး ဌာနချုပ် (နစက) ဝန်ထမ်းတွေနေထိုင်ခဲ့တဲ့ တဲလေးလုံးကိုပါ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
ဒါ့အပြင် ဘောဒူဘနဲ့ အုန်းတောကြီးဒုက္ခသည်စခန်းတွေကို လုံခြုံရေးကားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ကားလမ်းတွေကို အတားအဆီးတွေလုပ်ပြီး ပိတ်ဆို့ထားတယ်လို့လည်း ပြောပါတယ်။
အခုလက်ရှိမှာ ဘောဒူဘ မွတ်စလင်ဒုက္ခသည်စခန်းဘက်မှာ အခြေအနေတွေ တင်းမာလျှက်ရှိနေပြီး နယ်စပ်လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းခေါင်းဆောင်တွေက မွတ်စလင် ခေါင်းဆောင်အချို့နဲ့ သွားရောက်ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။