ပယ်ချခံရသူ NLD ကိုယ်စားလှယ်လောင်း ၄ ဦးထိရှိလာ
2015.08.27

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်တင်ထားတဲ့သူတွေထဲက အပယ်ခံရသူ စုစုပေါင်း ၄ ဦးရှိသွားပြီလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင် ကပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီလို့ဆိုပြီး ပယ်ချခံရတဲ့အတွက် ဥပဒေကြောင်းအရ ဆက်လုပ်ခွင့်မရှိတော့လို့ ပါတီအတွက်နစ်နာရတယ်လို့ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မ တီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
"ကျနော်ရတဲ့ အချက်အလက်က ၄ ယောက်ရှိပါတယ်၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ဗျာ ကျနော်တို့ပုဂ္ဂိုလ်တွေ ကလည်း ကိုယ့်ဘက်ကလည်း အားနည်းချက်ပဲဗျ၊ အခုပြောနေတဲ့ အသက်မပြည့်တာတို့ တဆက် တည်း မြန်မာနိုင်ငံမှာ မနေတာတို့ ဒါတွေက အကြောင်းအချင်းရာ အချက်အလက်အမှန်ကို ဖော်ထုတ်လိုက်ရင် လွယ်လွယ်လေးပါ၊ ဖုံးကွယ်ထားကြတဲ့လူတွေလည်းရှိတာပေါ့၊
ဒီနေ့အချိန်ထိ ပယ်ချခံရတဲ့ NLD ကိုယ်စားလှယ်လောင်း ၄ ဦးကတော့၊ ကယားပြည်နယ် ဘော်လ်ခဲခရိုင်က ဝင်ပြိုင်မယ့်သူ ၁ ဦး၊ ပလောင်ဒေသကနေပြိုင်မယ့်သူ ၁ ဦး၊ မန္တလေးတိုင်းက ဝင်ပြိုင်မယ့်သူ ၁ ဦးနဲ့ ရှမ်းပြည်နယ်က ဝင်ပြိုင်မယ့်သူ ၁ ဦးဖြစ်ပါတယ်။
ဒီအတောအတွင်း ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၁ ယောက်ထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်း မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၈ဦး ရှိသွားပြီလို့ ခရိုင်ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ပယ်ချခံရတဲ့ ၈ဦးရဲ့ မိဘတွေဟာ ကိုယ်စားလှယ်လောင်းတွေကို မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့အတွက် ငြိစွန်းတာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးခင်မောင်ကျော်က ပြောပါတယ်။