ဗိုင်းရပ်စ်ထိန်းချုပ်ကာလ လူစုလူဝေးလုပ်မှုနဲ့ လေးဦးကို အရေးယူ
2020.04.14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရေးကာလ ညွန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
အစိုးရ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ ရောဂါကူးစက်စေနိုင်တဲ့ လူစုလူဝေး လုပ်ဆောင်ခဲ့တယ်ဆိုပြီး သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရက်တေးသံသွင်း) တို့ကို သက်ဆိုင်ရာ မြို့မရဲစခန်းတွေက အမှုဖွင့် တရားစွဲလိုက်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျွန်မတို့ မရမ်းကုန်း ရဲစခန်းကနေပြီးတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေနဲ့ တရားစွဲထားပါတယ်။ မြို့နယ်အလိုက် ကျွန်မတို့စွဲရတာပေါ့။ သက်ဆိုင်ရာမြို့နယ်ကနေ စွဲတာပါ”
သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်းက အမှုအမှတ် (ပ)၇၀၆/၂၀၂၀/၂၀၁၃ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်း (နဝရက်တေးသံသွင်း)တို့ကို မရမ်းကုန်းမြို့မရဲစခန်းက အမှုအမှတ် (ပ)၅၈၃/၂၀၂၀ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ရောဂါကူးစက်စေနိုင်တဲ့ လူစုလူဝေး လုပ်ဆောင်ခဲ့မှုကြောင့် အမှုဖွင့်ထားခံသူ လေးဦးဟာ လက်ရှိ ရောဂါပိုး ကူးစက်ခံနေရတာကြောင့် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဧပြီလ ၁၂ ရက်နေ့က တွေ့ရှိတဲ့ လူနာတွေထဲက ငါးဦးဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကူးစက်ခံရသူတချို့ဟာ မကြာသေးခင်က နာမည်ကြီး အဆိုတော် မျိုးကြီးနဲ့ တွေ့ဆုံခဲ့ဖူးတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကတော့ ကျန်းမာရေးဌာနက ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြု လူနာစာရင်းထဲမှာ သူ့မြို့နယ်မှာ နေထိုင်တဲ့ နာမည်ကြီး အဆိုတော်နဲ့ သူ့ဇနီးတို့ ပါဝင်တယ်လို့ ပြောပါတယ်။
“ဗဟန်းမြို့နယ်ထဲမှာရှိတဲ့ ပုလဲကွန်ဒို B ဆောင်မှာနေတဲ့ အဆိုတော်အမျိုးသားနဲ့ သူ့ရဲ့ဇနီးဟာ ၁၄ ရက်နေ့ မနက် ၁၂ နာရီ ၁၅ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်တဲ့ Positive လူနာထဲမှာ ကျွန်တော်တို့ ဗဟန်းက နှစ်ဦးပါလာတာပါ။ သူနေတဲ့ ပုလဲကွန်ဒို B ဆောင်မှာ အခန်း ၈၂ ရှိပါတယ်။ အဲဒီ ၈၂ ခန်းလုံး Lock Down လုပ်ထားပါတယ်။”
ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပေမယ့် ရန်ကုန်က မြို့နယ်တချို့က ဈေးတွေ၊ လမ်းမတွေပေါ်မှာ လူစုလူဝေးမှုတချို့ ဆက်ရှိနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က ဒေသခံတချို့ တားမြစ်မိန့် မလိုက်နာတဲ့အတွက် သတိပေး ဟန့်တားနေရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
“အဓိကကတော့ လမ်းမကြီး ၂ လမ်းပေါ့။ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း၊ နောက် အာသား လမ်းမကြီးပေါ့။ ကျွန်တော်တို့ ဒီနှစ်ရက်အတွင်း ရှင်းတဲ့အခါ မြန်မာ့ဂုဏ်ရည်လမ်းကတော့ နည်းနည်း လျော့သွားတယ်။ သို့သော်လည်း အာသားလမ်းကြီး ရေတွင်းကုန်းရပ်ကွက်၊ သပြေကုန်ရပ်ကွက် အဲဒီ လမ်းမကြီးပေါ်မှာတော့ လူတွေက အကြောင်းမဲ့ မတ်တပ်ရပ်နေတာတွေ၊ အုပ်စုဖွဲ့ပြီး စကားပြောနေတာတွေ တော်တော်များများ တွေ့လို့ ကျွန်တော်တို့ မနေ့ကကတည်းက သတိပေးရှင်းနေရတယ်”
ရန်ကုန်မြို့မှာ ကူးစက်မှုနှုန်းတွေ မြင့်တက်လာတာကြောင့် မိသားစုဝင်တွေ ကူးစက်နိုင်ကြောင်း၊ အိမ်ထဲမှာပဲ နေသင့်ကြောင်း သတိပေးခဲ့ပြီး ဒီနေ့မှာလည်း အဲဒီလမ်းတွေကို သွားရောက်စစ်ဆေးရဦးမယ်လို့ ဦးလှဌေးက ပြောပါတယ်။
ဧပြီလ ၂ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်း Covid 19 ကာကွယ် ထိန်းချုပ် ကုသရေး ခရိုင်မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွေက သင်္ကြန်ရုံးပိတ်ရက် ဧပြီလ ၁၀ ရက်နေ့က ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စ၊ အစားအသောက် ဝယ်ယူတာတွေက လွဲပြီး အပြင်မထွက်ကြဖို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ နေထိုင်တဲ့ ဒေါက်တာဥက္ကာကြည်ဝင်းကတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မြို့နေပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားချက်ကို အများပြည်သူသိရှိအောင် အသိပညာပေး ဆောင်ရွက်ထားတာဟာ လက်ရှိပုံစံနဲ့ လုံလောက်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ရပ်ကွက်တွေမှာလည်း အသံချဲ့စက်နဲ့ လိုက်ပြီး အသိပညာ ပေးနေတာလည်း ရှိပါတယ်။ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာ ပိုစတာတွေ၊ ဘုတ်တွေနဲ့ အသိပေးနေကြတာဆိုတော့ တကယ်တမ်း လိုက်နာချင်တဲ့သူအတွက်ကတော့ လုံလောက်တယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော် ရန်ကုန်မှာ နေတဲ့သူတွေ အတွက် ပြောတာပါ။ နယ်မှာတော့ ဘယ်အတိုင်းအတာနဲ့ လုပ်နေတယ်ဆိုတာ မသိတော့ ကျွန်တော်လည်း သေချာမပြောနိုင်ဘူး။”
မြန်မာနိုင်ငံမှာ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ အတည်ပြုလူနာ ၆၂ ဦးရှိပြီး သေဆုံးသူ လေးဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ နှစ်ဦး ရှိပါတယ်။ ပိုးတွေ့အတည်ပြုလူနာ ၆၂ ဦးထဲက ၄၉ ဦးဟာ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။