လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချကြောင်း အမျိုးသမီးအဖွဲ့ ၄ ဖွဲ့ ထုတ်ပြန်
2018.10.11

ရှမ်းပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေတဲ့အတွက် မလုံခြုံမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကို အပြင်းအထန်ရှုတ်ချကြောင်း ရှမ်းတိုင်းရင်းသူအမျိုးသမီးအဖွဲ့ ၄ ဖွဲ့ပူးပေါင်းပြီး သဘောထားထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရှိနေပေမယ့် တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေဆက်ရှိနေပြီး ရှမ်းပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေသေးတာကြောင့် အခုလို သဘောထားထုတ်ပြန်ရတာလို့ ပအိုဝ်းအမျိုးသမီးများသမဂ္ဂ အမှုဆောင်ဒါရိုက်တာ နန်းဇင်နွယ် က ပြောပါတယ်။
"အဓိကကတော့ ကျမတို့ ရှမ်းပြည်နယ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်၊ စစ်တပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဖြစ်နေတဲ့ တင်းမာမှုတွေကြောင့် သူ့ရဲ့အကျိုးဆက်အနေနဲ့ ခံစားနေရတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေပေါ့လေ၊ အဲဒီမှာ အမျိုးသမီးအခွင့်အရေးချိုး ဖောက်ခံရမှုတွေ အရမ်းဖြစ်နေတယ်၊ ကလေးငယ်တွေအတွက်လည်း rape case တွေ အရမ်းဖြစ်နေတယ်၊ peace process လို့ ပြောနေပေမဲ့ အဲလိုမျိုးတွေ ဆက်ပြီး ဖြစ်နေတဲ့အပေါ်မှာ ကျမတို့က ရှုတ်ချတဲ့အနေနဲ့ သဘောထားထုတ်ပြန်တာပေါ့နော်။ "
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA ကို လက်မှတ်ထိုးထားကြပေမဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ရှမ်းပြည်နယ်အတွင်းမှာလည်း NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မထိုးထားတဲ့အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒါကြောင့် ပြည်သူအမြောက်အများ အိုးအိမ်စွန့်ခွာကြရသလို လက်နက်ကိုင်အဖွဲ့တွေရဲ့ အတင်းအဓမ္မ စစ်အင်အားစုဆောင်းခံရတာ၊ အကြောင်းမဲ့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ပြည်သူတွေ အဖမ်းခံရတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာတွေ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေအပြင် အမျိုးသမီးတွေ လိင်အကြမ်း ဖက်ခံရတာ စတာတွေကို ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ရေးသားထားပါတယ်။
ရှမ်းပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေကြောင်းကိုလည်း ပြည်သူတွေ ကိုးကွယ်အားထားရတဲ့ ကျောက်မဲမြို့က ရွှေကျင်ကျောင်းတိုက်ဆရာတော် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာကို အဲဒီထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
ဒီသဘောထားထုတ်ပြန်ချက်ကို လားဟူအမျိုးသမီးများ အစည်းအရုံး၊ ပအိုဝ်းအမျိုးသမီးများသမဂ္ဂ၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းနဲ့ တအာင်းအမျိုးသမီးများအစည်းအရုံးတို့က ပူးပေါင်းထုတ်ပြန်လိုက်တာပါ။