ခင်ဦးနဲ့ တန့်ဆည်မြို့နယ်မှာ ရွာသားလေးဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ တန့်ဆည်မြို့နယ်ထဲက ရွာတွေထဲကို စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ပျူစောထီး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရွာထဲဝင်ရောက်စီးနင်း သေနတ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသား လေးယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရွာတွေထဲ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နေအိမ်တွေလည်း မီးရှို့ခံနေရ တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက် မနေ့က မနက်အစောပိုင်း လေးနာရီလောက်မှာ ခင်ဦးမြို့နယ် ဗအိုးရွာထဲကို စစ်တပ်နဲ့ ပျူစောထီး အဖွဲ့ဝင် အင်အား လေးဆယ်လောက် ဝင်လာပြီး မနက်စောစော လယ်ခင်းထဲကို ရေသွင်းနေတဲ့ အသက် ၄၀ အရွယ် ဦးသိန်းတင့်နဲ့ အသက် ၅၀ အရွယ် ဦးမြဝင်းတို့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲကနေ ကြောက်လန့်ထွက်ပြေးတဲ့သူတွေကိုပါ လယ်ကွင်းတွေထဲထိ လိုက်ပစ်တာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုနန်းလွင်ဆိုသူ ထပ်မံသေဆုံးခဲ့ပြီး နောက်ထပ် ရွာသားတစ်ယောက်လည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရွာထဲကိုပြန်ဝင်ရင် ပစ်ခတ်ခံရမှာစိုးလို့ သေဆုံးသွားတဲ့ အလောင်း သုံးလောင်းကိုတောင် မကောက်ရဲဘဲ သင်္ဂြိုဟ်မပေးနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဗအိုးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ပျူတွေနဲ့စစ်သားတွေနဲ့ပေါင်းပြီး သုံးဖွဲ့လောက်ဝင်တာနဲ့တူတယ်။ သူတို့ လူစုံပြီဆိုမှ မနက် ငါးနာရီခွဲ လောက်ကို သေနတ်ဖောက်ပြီးတော့ ကြမ်းတော့တာပဲ။ အဲဒီမှာ အပြစ်မဲ့တဲ့သူတွေလည်း အသတ်ခံရတာ ရှိတာပေါ့။ လောလောဆယ် တိတိကျကျ ပြောနိုင်တာတော့ သုံးယောက်ကတော့ သေချာပေါက်ပဲ။ ပေါင်မှာမှန်တဲ့ တစ်ယောက်ကတော့ သေလား၊ ရှင်လား တိတိကျကျ မသိရသေးဘူး။ သူတို့ပစ်ကွင်းထဲမှာ ဆိုတော့ ရွာကကယ်ထုတ်ဖို့ မလွယ်ဘူး။ ရွာကိုပြန်ကပ်နိုင်တဲ့ အဆင့်မရှိတော့ အလောင်းတွေကို ကောက်ဖို့လည်း မလွယ်ဘူးဖြစ်နေတာ။ ဒီနေ့အထိ အလောင်းတွေ မသင်္ဂြိုဟ်ရသေးဘူး။ အခုထိလည်း အလောင်းတွေ မကောက်နိုင်သေးဘူး"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လတ်တလော ရွာထဲက စာသင်ကျောင်းမှာ တပ်စွဲထားပြီး နွားတစ်ကောင်ကို သတ်ဖြတ် စားသောက်ခဲ့ကြသလို၊ နေအိမ် ငါးလုံးနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အဲဒီရွာသားက ပြောပါတယ်။
"ဒီနေ့အထိ အလောင်းတွေ မသင်္ဂြိုဟ်ရသေးဘူး။ အခုထိလည်း အလောင်းတွေ မကောက်နိုင်သေးဘူး"
မနေ့က တစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်ထဲက အင်းပတ်ရွာကိုလည်း စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား လေးဆယ်လောက် ဝင်ရောက်စီးနင်း ပစ်ခတ်ပြီး နေအိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် ရွာသူရွာသားတွေ ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်သံတွေ တိတ်ဆိတ်သွားတဲ့နောက် စစ်သားတွေပြန်သွားပြီအထင်နဲ့ ရွာထဲကို နွားစာကျွေးဖို့ ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုချစ်ဆန်းမောင်ဟာ စစ်သားတွေနဲ့ ထပ်တိုက်တိုးပြီး ပစ်သတ်ခံလိုက်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒီနေ့မနက် သူ့အလောင်းကို ရွာအပြင်မှာ ပြန်တွေ့ခဲ့တာကြောင့် ရွာသားတွေ ဝိုင်းသင်္ဂြိုဟ်ပေးခဲ့တယ်လို့ အင်းပတ် ရွာသားတစ်ဦးက ပြောပါတယ်။
"ကျနော်တို့က ရိုးရိုးသားသား ဖမ်းသွားတယ် မှတ်နေတာ။ ဒီနေ့မနက်မှ လိုက်ရှာလိုက်တော့ သူက ပစ်ထားတာပဲ။ သူတို့ပစ်သတ်လိုက်တာကတော့ ရွာတောင်ပိုင်းမှာ အဲဒီမှာ ပစ်သတ်လိုက်တာ၊ သွေး အိုင်တစ်အိုင် တွေ့တယ်။ အဲဒီသွေးအိုင်ကနေ ဒရွတ်ဆွဲထားပြီးတော့ သူတို့ပစ်သတ်ခံရတဲ့အိမ်နဲ့ မျက်နှာချင်းဆိုင်က လှည်းပြီးတော့ ဘေးကလူတွေက လှည်းကြီးချပြီးတော့ လှည်းပေါ်တင်သွားတာ မြင်တယ်ဆိုတော့ လှည်းပေါ်ကြည့်လိုက်တော့လည်း လှည်းပေါ်မှာလည်း သွေးအိုင်တွေ ရှိတယ်။ အလောင်းကို ဖျောက်မယ့်ပုံစံမျိုး ရွာအပြင်ကို ထုတ်သွားတာ။ ထုတ်သွားပြီးတော့ ရွာအနောက်ဘက်မှာ တောထဲမှာ လိုက်ရှာရင်းနဲ့ ဒီနေ့မနက်မှတွေ့တာ"
အင်းပတ်ရွာမှာလည်း နေအိမ် ခြောက်လုံး လောက် မွှေနှောက်ခံရပြီး၊ အိမ်တွင်းပစ္စည်းတွေကို ထုခွဲ ရိုက်နှက် ဖျက်ဆီးတာ၊ ဆိုင်ကယ်တွေကို ဖျက်ဆီးတာ၊ နွားနှစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်သွားတာတွေလည်း ရှိတယ်လို့ အဲဒီရွာသားက ပြောပါတယ်။
လက်ရှိမှာတော့ ခင်ဦးမြို့နယ်ထဲက မကျည်းတုံ၊ မဒေါင်းလှ၊ ဗအိုး၊ ပျဉ်ထောင်နဲ့ ရွာသစ် စတဲ့ရွာတွေမှာ စစ်တပ်က တပ်စွဲထားပြီး ပျူစောထီးအဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ လုပ်ထားတာကြောင့် အဲဒီရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီဒေသတွေမှာရှိတဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြန်တိုက် နေတာကြောင့် စစ်ကောင်စီဘက်ကလည်း ရွာတွေထဲထိ ဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ခင်းဦးမြို့နဲ့ မိုင်သုံးဆယ်အကွာမှာ ရှိတဲ့ တန့်ဆည်မြို့နယ် ကံထူးမရွာရဲ့ ရဲစခန်းအနီးက စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ PDF ကပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်က စစ်သားနဲ့ရဲတွေကလည်း သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်တဲ့ အချိန်မှာ အဲဒီနားကို ဆိုင်ကယ်စီးရောက်လာတဲ့ ကြက်ဆူကန်ရွာသား ကိုအေးမင်း ဟာလည်း ရင်ဘတ် ကျည်ဆံထိမှန် သေဆုံးခဲ့ရတယ်လို့ တန့်ဆည်မြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကံထူးမကို ဈေးဝယ်လာတာပေါ့နော်။ သူလည်း ဇောနဲ့ ထင်ပါတယ်။ သူအိမ်ပြန်ချင်ဇောနဲ့ ပစ်နေတဲ့ လမ်းပေါ်ကို တက်လိုက်တဲ့အချိန်မှာ ညာဘက် နောက်ကျောကနေ ကျည်က ရင်ဘတ်ထဲကို စိုက်ဝင် သွားတယ်။ ကြက်ဆူကန်ရွာက ကိုအေးမင်း ပေါ့နော်။ အိမ်ထောင်ကျတာလည်း မကြာသေးဘူး နောက်ပြီး တော့ သူ့သားလေးကလည်း တစ်လသားလေးပဲ ရှိသေးတယ်။ အခုမိန်းမလည်း တစ်လသား ကလေးလေး ကျန်ခဲ့တယ်ပေါ့နော်"
တစ်ရက်တည်းမှာပဲ တန့်ဆည်မြို့နယ်ထဲက ကာပေါင်းကျရွာကို စစ်ရဟတ်တစ်စင်း ဆင်းသက်ခဲ့ပြီး ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၃ ရက်၊ နေ့လယ်ပိုင်းမှာလည်း ကာပေါင်းကျရွာထဲက အိမ်ဆယ်လုံးလောက် မီးလောင် နေတာ အဝေးကနေမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာကို စစ်တပ်က ဝင်စီးထားတာ ကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရပါတယ်။

အဲဒီရွာမှာ လတ်တလော စစ်တပ်က တပ်စွဲထားတာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက မကြာခဏဆိုသလို လာရောက်တိုက်ခိုက်နေတာကြောင့် စစ်သားတွေ ရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ဖြည့်ဖို့လာတဲ့ ရဟတ်ယာဉ်နဲ့ ရွာပတ်ပတ်လည်ကို ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲ မနေ့က တစ်ရက်တည်းမှာတင် ခင်ဦးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်စီးတာ၊ တည်ဆည်မြို့နယ်ထဲမှာ ပစ်ခတ်မှုတွေ ဗုံးပေါက်ကွဲတာတွေရှိခဲ့သလို အရာတော် မြို့နယ်ထဲမှာ လည်း စစ်ကောင်စီတပ် ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက် ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
ခင်ဦးနဲ့ တန့်ဆည်ဘက်မှာ ရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။
ခင်ဦးနဲ့ တန့်ဆည်မှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတွေကတော့ လက်ရှိ အချိန်အထိ သူတို့ရွာတွေကို မပြန်ရဲသေးဘဲ ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြပါတယ်။