FPNCC အဖွဲ့ဝင်တွေ ပန်ဆန်းမှာ တေ့ွဆုံ
2019.06.19

ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်တဲ့ FPNCC အဖွ့ဲက UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ တံခါးပိတ် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ ပဏာမအပစ်ရပ် ရေးထိုးနိုင်ရေးကိစ္စ အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
FPNCC ကို "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးဆောင်ဖွဲ့စည်းထားပြီး မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အပြင် SSPP/SSA၊ မိုင်းလားအဖွဲ့တို့ ပါဝင်ပါတယ်။
ဒီအစည်းအဝေးပွဲမှာ အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်အားလုံး တက်ရောက်ခဲ့တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောဆိုပြီး ဆွေးနွေးတဲ့အချက် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဒီအစည်းအဝေးအကြောင်းအရာတွေနဲ့ ပတ်သက်လို့ RFA က FPNCC အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သတင်းမထုတ်ပြန်ဖို့ သဘောတူထားတယ်လို့သာ ပြန်လည်ပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် လေးဖဲ့ွက သူတို့အနေနဲ့ အစိုးရနဲ့ ပဏာမသဘောတူညီမှုစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေတဲ့ အခြေအနေအပေါ် ဘယ်လိုသဘောထားရှိလဲလို့ ဝ၊ မိုင်းလားနဲ့ SSPP/SSA တို့ရဲ့ သဘောထားကိုမေးမြန်းခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
ဒါ့အပြင် ဒီအစည်းအဝေးမှာ ဝ၊ မိုင်းလားနဲ့ SSPP/SSAအဖွဲ့တွေဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ထိ ပဏာမအပစ်ရပ်စဲရေး သဘောတူထားတာကြောင့် ကျန်အဖွဲ့လေးဖွဲ့အနေနဲ့ Bilateral လက်မှတ်ရေးထိုးဖိ့ုကို သဘောတူကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
KIA၊ TNLA၊ MMDAA နဲ့ AA တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနေနဲ့ Bilateral အဆင့်ကို တစ်ဖွဲ့ချင်းစီ ဆွေးနွေးလက်မှတ်ရေးထိုးနိုင်ပေမယ့် NCA လက်မှတ်ရေးထိုးတဲ့အခါမှာ လေးဖွဲ့လုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး KIA တာဝန်ရှိသူတွေ၊ MNDAA တာဝန်ရှိသူတွေ၊ TNLA တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူ့အနေနဲ့ ဒီကိစ္စတွေကို မသိရှိသေးကြောင်း RFAကို ဖြေကြားပါတယ်။
အစိုးရ၊ တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား တွေ့ဆုံမယ့်နေရာကို အစိုးရဘက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ လားရှိုးမြို့တွေကို အဆိုပြုထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ မူဆယ်နဲ့ ပန်ဆန်းမြို့တွေကို အဆိုပြုထားပြီး နေရာအတည်မပြုနိုင်သေးတာကြောင့် ဒီနေ့အထိ မတွေ့ဆုံနိုင်သေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။