မြောက်ပိုင်းအဖွဲ့တွေနဲ့ စကားပြောဖို့ အဖွဲ့ဖွဲ့ပေးဖို့ ပြော


2017.08.25
fpncc-622.jpg မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီကို တွေ့ရစဉ်
Photo: FPNCC Facebook

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေ ဆွေးနွေးနိုင်ဖို့ အစိုးရကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပစဉ်က ပြောကြားထားတဲ့ကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က တောင်းဆို ပါတယ်။

အခုလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ ကျင်းပတဲ့ FPNCC အစည်းအဝေးပြီး ကြေညာထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းတောင်ဆိုလိုက်တာ ဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက နိုင်ငံခြားရေးရာဌာနမှူး ဗိုလ်မှူးတာပန်လ ကပြောပါတယ်။

"State Counsellor ကနေ FPNCC နဲ့တွေ့ဖို့ စကားပြောဖို့ ဆွေးနွေးဖို့ အဖွဲ့အစည်းတစ်ခု စုဖွဲ့ပေးမယ်။ အဲဒီအဖွဲ့ အစည်းနဲ့ စကားပြောပါ။ အဲဒီလိုမျိုး ကတိပေးထားတာတွေရှိတယ်။ သို့သော် အခုအချိန်အထိ အဲဒီအစုအဖွဲ့ကို ကျနော်တို့ မတွေ့ရှိရသေးဘူး။ အဲ့ဒါကြောင့်မို့ အဲဒီအစုအဖွဲ့နဲ့ အမြန်ဆုံး တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ ကျနော်တို့ဘက်က တိုက်တွန်းတယ်။ အစိုးရဘက်က ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်ဖို့ပါပဲ။"

လာမယ့် တတိယအကြိမ် ၂၁ ရာ စုပင်လုံညီလာခံအစည်းအဝေးကို အစိုးရဘက်က တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားလာမယ်ဆိုရင် FPNCC အနေနဲ့ တစ်စုတစ်စည်းတည်း တက်ရောက်သွားဖို့ကိုလည်း ဆုံးဖြတ်လိုက်တယ် လို့ ပြောပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ဖို့ တရုတ်နိုင်ငံဘက်က သွားလာရေး၊ လုံခြုံရေးပိုင်းတွေအပြင် ကြားဝင်ညှိနှိုင်းမှုတွေပါ လုပ်ဆောင်ပေးဖို့ကိုလည်း FPNCC ဘက်က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။