ဦးမျိုးဝင်းလွှတ်ရေး မန္တလေး မှာ တောင်းဆိုကြ


2016.05.24
myowin-mdy-620.jpg လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးမျိုးဝင်းကို ဧပြီလ ၂၅ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Sett Paing Toe/ RFA

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးမျိုးဝင်းကို လွှတ်ပေး ဖို့ တောင်သူ ၃၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မန္တလေးစည်ပင်က သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်ပြီး ပြန်လည်ရရှိဖို့ တောင်းဆို ခဲ့တဲ့ ဦးမျိုးဝင်းအပါအဝင် တောင်သူ ၆ဦးကို စွဲဆိုထားတဲ့ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့  တောင်းဆိုကြတာဖြစ်တယ် လို့ လယ်သမားအရေးကူညီပေးနေတဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအေးသိန်းက ပြောပါတယ်။

"ပုဒ်မ ၆၁ ဆိုတာက ကြီးလေးတဲ့ပုဒ်မကြီးဖြစ်ပါတယ်၊ နိုင်ငံတော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်တာကို ပုဒ်မ ၆၁ လို့ခေါ်ပါတယ်၊ အဲ့တော့ မန္တလေးမြို့တော် စည်ပင်သာယာရေးဌာနသည် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်၊ နောက်စစ်မှုထမ်းဟောင်းဆိုတာလဲအဖွဲ့အစည်း တစ်ခုသာ ဖြစ်ပါတယ်၊ အဲ့တော့ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုသည် နိုင်ငံတော်မဟုတ်ပါဘူး၊ ဒါတရား ဥပဒေလွဲချော်ပြီးတော့ တရားစွဲခံထားရတာဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ဒီအမှုကိုပိတ်သိမ်း ပြီးတော့ ကိုမျိုးဝင်းအပါအဝင် ဝရန်းပြေးဘဝရောက်နေတဲ့ တောင်သူတွေကိုချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ဆန္ဒပြတာဖြစ်ပါတယ်"

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရေတံခွန်တောင်ဂေါက်ကွင်းစီမံကိန်းအတွက် ပုသိမ်ကြီး မြို့နယ် ရေကြည်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က လယ်ယာမြေဧက ၇၀၀ ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သိမ်းယူထားတဲ့လယ်ယာမြေတွေထဲက စီမံကိန်းပိုလျှံမြေ ဧက ၄၀၀ ဝန်းကျင်ကို ပြန်လည် ရရှိဖို့အတွက် ဦးမျိုးဝင်း နဲ့ ရေကြည်ရွာက တောင်သူ ၁၀၀ လောက်ဟာ အဲဒီလယ်ယာမြေတွေထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဝင်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်တစ်လအကြာမှာ ဦးဆောင်သူ ဦးမျိုးဝင်းနဲ့ တောင်သူ ၆ ဦးကို ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) တို့နဲ့ တရားစွဲပြီး ဖမ်းဆီးခဲ့ရာ တောင်သူ ၆ဦးက ထွက်ပြေးတိမ်းရှောင်နေ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။