တရားရုံး အမှုရုပ်သိမ်းလို့ ဦးမျိုးဝင်း လွှတ်ပြီ
2016.05.26

တောင်သူလယ်သမား အလုပ်သမားအရေး ကူညီသူ ဦးမျိုးဝင်းကို ပုသိမ်ကြီးမြို့နယ် တရားရုံးက စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆(၁) နဲ့ ကိုမျိုးဝင်းကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားလိုဘက်က အမှုပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
"တရားစီရင်ရေးအပိုင်းမှာ နည်းနည်းပြောင်းလာတယ်လို့မြင်တယ်၊ တရားစီရင်ရေးဟာ ဘာကြောင့် နည်းနည်းလွတ်လပ်လာသလဲဆိုတော့ အစိုးရအပေါ်မှာ မူတည်တယ်၊ ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်လာတဲ့အခါမှာ တရားရုံးကို ထိန်းချုပ်တာ၊ တရားရုံးကို ဘာလုပ်လိုက်ဆိုပြီးတော့ အမိန့်ပေးနေတဲ့ဟာ မရှိတော့ဘူးလို့ ကျနော်ယူဆတယ်"
ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာက ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်းအတွက် သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ကျေးရွာသားတွေနဲ့ ကိုမျိုးဝင်းက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အဲ့ဒီလယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။
ကိုမျိုးဝင်းနဲ့အတူ ဝရမ်းပြေးအဖြစ် ကြေညာခံထားရသူ ရေကြည်ကျေးရွာသား ၃ ဦးရဲ့ အမှုကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။