နှာခေါင်းစည်း အခမဲ့ဖြန့်ဖို့ အလှူရှင် လိုအပ်
2020.05.14
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်တချို့မှာ ပိတ်စ နဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းတွေကို မေ ၁၃ ရက်မှာ မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက လိုက်ဝေခဲ့ပါတယ်။
တစ်အိမ် နှစ်ယောက်နှုန်းအပြင် နှာခေါင်းစည်း မတပ်ထားတဲ့ ဈေးသည်တွေကိုလည်း ဝေပေးပါတယ်။
အများစုက လူကြီးဝတ်နှာခေါင်းစည်းတွေ ဖြစ်တာကြောင့် ကလေးတွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ကလေးတွေအတွက်ပါ ဖြန့်ဝေနိုင်အောင် ကြိုးစားမယ်လို့ ကော်မတီဝင် ဒေါက်တာကျော်စွာစိုးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက် ၊ ပန်းရိုက်လမ်းထဲမှာ နှာခေါင်းစည်း တစ်ထောင်လောက် ဝေခဲ့ပြီး နောက်ရက်တွေမှာ နွမ်းပါးသူတွေအနေများတဲ့ ဃ ၊ က ၊ အောင်ဆုပန်၊ ၂၉ ၊ စံပြ၊ ကြီးပွားရေး၊ ရန်ကုန်သစ် စတဲ့ရပ်ကွက်တွေမှာလည်း ဝေပေးကြမှာပါ။
အခုလှူတဲ့ ပိတ်စနှာခေါင်းစည်းတွေဟာ ပြန်လျှော်သုံးလို့ရတဲ့အတွက် ရတဲ့သူတွေကလည်း သုံးရတာ အဆင်ပြေတယ်လို့ ပြောပါတယ်။ ဒီအချိန်မှာ ဝင်ငွေပိုနည်းတဲ့အတွက် တစ်ခါသုံး နှာခေါင်းစည်းတွေကို မကြာခဏ မဝယ်နိုင်ကြပါဘူး။ ဒါကြောင့် အခုလို လှူပေးတာ ကျေးဇူးတင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးခင်မောင်ဦးက ပြောပါတယ်။
ရန်ကုန်မှာ မေ ၁၃ ရက်ကစပြီး အပြင်ထွက်သွားလာတဲ့အခါ နှာခေါင်းစည်းမတပ်ရင်၊ အကြောင်းကိစ္စ မရှိဘဲ ငါးယောက်နဲ့ အထက် လူစုလူဝေး လုပ်ရင် ကူးစက်ရောဂါ ဥပဒေအရ အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကြေညာထားပါတယ်။
အခုချိန်ကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ပညာပေးကာလအနေနဲ့ လုပ်ဆောင်နေပြီး ဒီကာလ လွန်သွားရင်တော့ ဥပဒေအရ အရေးယူတော့မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။
ကပ်ရောဂါပိုး ကာကွယ်ရေးကာလမှာ နှာခေါင်းစည်း မတပ်သူတွေကို ဥပဒေနဲ့အညီ အရေးယူတာကို လက်ခံတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။
အရေးယူခံရမှာ ကြောက်တာကြောင့် နေ့စဉ် ဝင်ငွေထဲကနေ နှာခေါင်းစည်း ဝယ်ရတယ်လို့ ဒေါ်တင်နီလာဝင်း က ပြောပါတယ်။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေက တစ်ခါသာ အသုံးပြုရမှာဖြစ်တဲ့အတွက် လိုအပ်သလောက် ဝယ်ယူဖို့ ငွေကြေး ခက်ခဲသူတွေ များပါတယ်။ ဒါပေမဲ့လည်း ရောဂါ မကူးစက်ဖို့၊ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် မဖြစ်မနေ လိုက်နာရမှာဖြစ်တဲ့အတွက် နှာခေါင်းစည်းချုပ်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ့်သူတွေ ရှိစေချင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။