SSPP က ဖမ်းဆီးသွားတဲ့ ဖက်နမ်ရွာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ပြန်လွတ်လာ
2019.02.09
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သီပေါမြို့နယ် ဖက်နမ်ကျေးရွာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို SSPP အဖွဲ့က မနေ့ညနေက ပြန်လွှတ်ပေးလိုက်ပါတယ်။
သူတို့နှစ်ဦးကို SSPP အဖွဲ့က ဖက်နမ်ရွာမြောက်ဘက် ဖရဲခြံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာမှာ ဖက်နမ်ရွာသားတွေ ပါဝင်ပတ်သက်မှု ရှိမရှိကို စစ်ဆေးမေးမြန်းခဲ့ကြောင်း ပြန်လွတ်လာတဲ့ ဦးမုလိန်က RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖက်နမ်ရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပြီး SSPP တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ရတာကြောင့် ကျေးရွာ ဥက္ကဋ္ဌ ဦးမုလိန်နဲ့ အတွင်းရေးမှူး ဦးကောစီတကို SSPP အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဖက်နမ်ကျေးရွာသားတွေဟာ ကျေးရွာမှာ မနေရဲတော့ဘဲ နားကန်ဘုန်းကြီးကျောင်းကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။
မနေ့က ပြန်လွတ်လာတဲ့ ကျေးရွာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးလည်း နားကန်ဘုန်းကြီးကျောင်းကို မနေ့ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြောင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နားကန်ဘုန်းကြီးကျောင်းက ကိုကြီးကျော်က ပြောပါတယ်။
ဖက်နမ်ကျေးရွာသား ၂ ဦးဖမ်းဆီးခံရကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ RFA သတင်းထုတ်လွှင့်ပြီးနောက် ၂ ရက်အကြာမှာ အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။
နားကန်ဘုန်းကြီးကျောင်းမှာ ဖက်နမ်ရွာနဲ့ လဝယ်ရွာက စစ်ဘေးဒုက္ခသည် ၂၂၀ နီးပါး ခိုလှုံနေတယ်လို့ သိရပါတယ်။