စစ်အာဏာသိမ်းမှုနောက်ပိုင်း အင်တာနက်လွတ်လပ်ခွင့် တဟုန်ထိုးကျဆင်း
2021.09.21
Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့ ပူးပေါင်းထုတ်ဝေလိုက်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖောဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အင်တာနက် လွတ်လပ်ခွင့်အခြေအနေ ထိုးကျသွားပြီး အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတာ တွေ့ရပါတယ်။
အခုနှစ် ဇွန်လအထိ ကောက်ခံထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အင်တာနက်ကို လွတ်လွတ်လပ်လပ် ချိတ်ဆက် အသုံးပြုနိုင်မှု အခြေအနေ၊ အင်တာနက်ပေါ်က အကြောင်းအရာတွေကို ကန့်သတ်၊ ဆင်ဆာဖြတ်တောက်မှု အခြေအနေနဲ့ အင်တာနက် အသုံးပြုသူတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် အခွင့်အရေးတွေ ချိုးဖောက်ခံရမှု အခြေအနေအားလုံးမှာ ကျဆင်းနေပြီး အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံအဖြစ် အစီရင်ခံစာက သတ်မှတ်ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robertson ကတော့ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာပြည်သူတွေနဲ့ အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ထိန်းချုပ်နိုင်ဖို့ အင်တာနက်ကို ရန်သူအဖြစ် ရှုမြင်ပြီး ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အင်တာနက် လွတ်လပ်ခွင့် ချိုးဖောက်မှုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။ အာဏာ သိမ်းထားတဲ့ စစ်ကောင်စီဟာ အင်တာနက်ကို ရန်သူအဖြစ် ရှုမြင်ပါတယ်။ ပြည်သူတွေကို ထိန်းချုပ်ဖို့၊ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အင်အားစုတွေကို ဖြိုခွဲဖို့နဲ့ ဒီအင်အားစုတွေ ပြည်ပက အထောက်အပံ့တွေ မရအောင် ဖြတ်တောက်ဖို့ အတွက် အင်တာနက်၊ ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ VPN application အားလုံးကို ထိန်းချုပ်ဖြတ်တောက်ဖို့ လိုအပ်ကြောင်း စစ်ကောင်စီက ယုံကြည်ထားပါတယ်။ Freedom House ရဲ့ အစီရင်ခံစာထဲမှာလဲ ဒီယုံကြည်ချက်ကို ထင်ဟပ်ပြသတဲ့ လုပ်ရပ်တွေ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာပိုင်တွေရဲ့ အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှုတွေဟာ လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလိုပဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ပါတယ်”
လက်ရှိအချိန်မှာ အာဏာသိမ်း စစ်ကောင်စီဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေးအပ်ဖို့ တယ်လီကွန်း ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိအားပေးနေတာ မြင်နိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ တယ်လီကွန်း ကုမ္ပဏီတွေထဲမှာ တယ်လီနော ကုမ္ပဏီတစ်ခုကပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အင်တာနက် လွတ်လပ်ခွင့်ကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့ပြီး တယ်လီနောကုမ္ပဏီ ထွက်သွားပြီးတဲ့နောက် ကျန်တဲ့ ကုမ္ပဏီတွေဟာ အသုံးပြုသူတွေရဲ့ အခွင့်အရေးကို အလေးထား ဆောင်ရွက်မှာ မဟုတ်ဘူးလို့ Phil Robertson က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံက ဝါရင့်သတင်းစာဆရာတစ်ဦးကတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ တယ်လီနောလို အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း စစ်ကောင်စီဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ် နားထောင်နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ RFA ကိုပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်မှာ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုအတွက် အာမခံချက် မပေးနိုင်တော့တဲ့အတွက် သတင်းသမားတွေအနေနဲ့ သူတို့ရဲ့ သတင်းရင်းမြစ်တွေကို အကာအကွယ်ပေးဖို့ ခက်ခဲစေတယ်လို့ သူ့ရဲ့ လုံခြုံရေးအတွက် အမည်မဖော်ပြဖို့ တောင်းဆိုထားတဲ့ အဲဒီ သတင်းစာဆရာက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အင်တာနက် လွတ်လပ်ခွင့်အခြေအနေ ဘယ်လောက်တောင် နောက်ပြန်ဆုတ်သွားသလဲဆိုတာ မြင်နိုင်တယ်လို့ HRW အဖွဲ့က Phil Robertson က သုံးသပ်ပါတယ်။
“စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံသားတွေရဲ့ အင်တာနက် လွတ်လပ်ခွင့် ဘယ်လောက်တောင်မှာ ဆုံးရှုံးသွားသလဲ ဆိုတာကို Freedom House အစီရင်ခံစာမှာ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ အင်တာနက်ပေါ်မှာ အတားအဆီးမရှိဘဲ သတင်းအချက်အလက်တွေနဲ့ သဘောထားထင်မြင်ချက်တွေကို အခြားပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးက လူတွေကို မျှဝေနိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်က အင်တာနက်ဆိုတာ စစ်တပ်က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး၊ လူတစ်စုလောက်ပဲ သုံးနိုင်တဲ့ အခြေအနေမျိုး၊ ပြည်သူအများစုက အင်တာနက်နဲ့ အဆက်ဖြတ်ခံထားရတဲ့ အနေအထားမျိုး ဖြစ်နေခဲ့ပါတယ်။ အခု စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဏာပိုင်တွေဟာ အဲဒီလိုအခြေအနေမျိုး ရောက်အောင် ပြန်ဆွဲခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်”
အခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီဟာ အစိုးရက ပြည်သူတွေနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ရယူအသုံးပြုလို့ မရအောာင် အကာအကွယ် ပေးထားတဲ့ ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအကာအကွယ်ပေးရေး ဥပဒေနဲ့ အီလက်ထရောနစ် ဥပဒေတွေကို ပြင်ဆင်တာတွေ၊ ရပ်ဆိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း Free Expression Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။