မြန်မာမီဒီယာ လွတ်လပ်မှုကင်းမဲ့ဆဲ
2015.04.21
နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေးကော်မတီအဖွဲ့က ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်မှု အကင်းမဲ့ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို နှစ်စဉ် ထုတ်ပြန်နေရာမှာ၊ ဒီနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံလည်း အရင်ကလို ထိပ်ဆုံးကမဟုတ်တော့ပေမဲ့ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။
CPJ က ထုတ်ပြန်ဲ့တဲ့ အဲဒီ့စာရင်းမှာ အာဖရိကတိုက်မြောက်ပိုင်းက Eritrea နဲ့ မြောက်ကိုရီးယား တို့ ထိပ်ဆုံးက ပါဝင်နေကြပြီး၊ သူတို့နောက်မှာ ဆော်ဒီအာရေဗျ၊ အီသီယိုးပီးယား၊ အဇာဘိုင်ဂျန်၊ ဗီယက်နမ်၊ တရုတ်၊ မြန်မာ နဲ့ ကျုးဘားနိုင်ငံတွေ အစဉ်လိုက်ရှိနေကြပါတယ်။
အဲဒီ့အစီရင်ခံစာမှာ နိုင်ငံတွေအနေနဲ့ အင်တာနက်ဆက်သွယ်ရေးအပေါ် ဘယ်ပုံဘယ်နည်း တားဆီးကန့်သတ်ထားသလဲ ဆိုတဲ့အချက်ဟာ အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ Eritrea နိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး အညံ့ဖျင်းဆုံးဖြစ်ပြီး၊ မိုဘိုင်းဖုံးသုံးစွဲနိုင်သူကလည်း ၅% သာရှိလို့ ကမ္ဘာမှာအနည်းဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာလည်း အင်တာနက်သုံးစွဲနိုင်သူ အတော်နည်းပါးပါတယ်။
တရုတ်ပြည်မှာတော့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၄၄ ယောက် ရှိနေပါတယ်။ အဲဒီအရေအတွက်ဟာ CPJ အဖွဲ့ စတင်ခဲ့တဲ့လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။