ဘာသာရေး ဥပဒေကြမ်းကို ပြန်ရုတ်သိမ်းဖို့ အမေရိကန်ကော်မရှင် တိုက်တွန်း
2014.06.12

မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ၂၁ ရာစုမှာ မရှိသင့်တော့တဲ့အတွက် ဒီဥပဒေကြမ်းကို ပြန်ရုတ် သိမ်းသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု ရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ ကော်မရှင်က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီဥပဒေကြောင့် မြန်မာနိုင်ငံတွင်းက မွတ်စလင်အပါအဝင် ခရစ်ယာန်နဲ့ တခြားလူနည်းစု ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ အစိုးရက တရားဝင်ထုတ်ပြန်လိုက်တာပါ။ ဒီဥပဒေကြမ်းအရ ဘာသာကူးပြောင်းချင်သူတွေဟာ အစိုးရက ဖွဲ့စည်းထားတဲ့ စီစစ်ရေးအဖွဲ့ကို တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကိစ္စမှာ အစိုးရက စီရင်ပိုင်ခွင့်ရှိသူအဖြစ် ဝင်ရောက်ဆုံးဖြတ်နေသလို ဖြစ်နေတယ်လို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ပြောပါတယ်။
တကယ်လို့သာ ဒီဥပဒေကြမ်းအပါအဝင် “၉၆၉” လှုပ်ရှားမှုအဖွဲ့က တောင်းဆိုနေတဲ့ မျိုးစောင့်ဥပဒေတွေ အတည်ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဒီလို ဆုတ်ယုတ်မှုတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံမှာ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကြမ်း ထွက်လာတဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ဘာသာမတူသူချင်း လက်ထပ်ထိမ်းမြားမှုအပေါ် ကန့်သတ်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီအတောအတွင်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေနဲ့ ချင်း၊ ကချင်၊ ကရင် အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၈ဝ ကျော်ကလည်း မျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ ကြိုးပမ်းနေတာကို ပြန်ရုတ်သိမ်းပေးဖို့ ဒီကနေ့ ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းမယ်ဆိုရင် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခံရပြီး မွတ်စလင်နဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ နောက်ထပ်ဖြစ်ပွားလာနိုင်တယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။