ကျိုက်ဝိုင်းဘုရားနယ်မြေမှာ အဆောက်အအုံဆောက်လုပ်ခွင့် ဂေါပက ကန့်ကွက်


2018.08.23
froggy-fish-622.jpg ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရားဝတ္တကနယ်မြေအတွင်းမှာ ဆောက်လုပ်ထားတဲ့ Froggy Fish စားသောက်ဆိုင်ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေအတွင်းမှာ ဧည့်နိုင်ငံသား ဦးရှောက်ဆန်းဆိုသူက အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြထားမှုကို ကန့်ကွက်တဲ့ အကြောင်းကြားစာကို ဘုရား ဂေါပကအဖွဲ့ဝင်တွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဒီနေ့ ပေးပို့လိုက်ပါတယ်။

ဂေါပကအဖွဲ့ဝင်တွေ အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန( အဆောက်အအုံ) ကို ဒီနေ့ ကန့်ကွက်စာသွားရောက် ပေးပို့လိုက်တာလို့ ကျိုက်ဝိုင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးအုန်းကြိုင် ကပြောပါတယ်။

“ကျနော်တို့ရုံးအဖွဲ့မှူးတွေကို သွားတင်ခိုင်းလိုက်တယ်။ အင်ဂျင်နီယာဌာန၊ ဌာနမှူးဆီကို ဒီနေ့ ကန့်ကွက် ချက်ပေးပို့လိုက်ပါတယ်။ အရေးပေါ်အစည်းဝေး ဆုံးဖြတ်ချက်အရ ကျနော်တို့ ကန့်ကွက်ပါတယ် ဆိုပြီးတော့ ပေးပို့လိုက်ပါတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ ဂေါပကအမည်နဲ့သာလျှောက်လု့ိ ရပါတယ်။ ကျန်တဲ့သူအမည်နဲ့ လျှောက်တာမှန်သမျှကို ကျနော်တို့က ကန့်ကွက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။”

အဲဒီမြေမှာ အဆောက်အအုံဆောက်လုပ်ခွင့်ပြုဖို့ ဧည့်နိုင်ငံသား ဦးရှောက်ဆန်း အမည်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီကို လျှောက်ထားတင်ပြထားတာဖြစ်ပါတယ်။

ရန်ကုန်စည်ပင်က ဒီသြဂုတ်လ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဦးရှောက်ဆန်းရဲ့ လျှောက်ထားမှုကို ထည့်သွင်းကြေညာခဲ့ပြီး ကန့်ကွက်လိုသူတွေအနေနဲ့ ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အသိပေးခဲ့ပါတယ်။

ဂေါပကအဖွဲ့က စည်ပင်သာယာရေးကော်မတီကို ပေးပို့တဲ့ ကန့်ကွက်စာထဲမှာ အဲဒီမြေကို ကျိုက်ဝိုင်းစေတီတော် ဝတ္တကမြေအဖြစ် ၁၉၈၅ ခုနှစ်က စတင်မှတ်ပုံတင်ထားခဲ့ကြောင်းနဲ့ ဘုရားဝတ္တကမြေပေါ်မှာ ဆောက်လုပ်တဲ့ အဆောက်အဦတွေကို ထိန်းသိမ်းသူ ဂေါပကအဖွဲ့အမည်နဲ့သာ လျှောက်ထားခွင့်ရှိကြောင်းနဲ့ အခြားအမည် နဲ့ လျှောက်ထားမှုတွေကို လက်ခံဆောင်ရွက်ပေးခြင်းမပြုလုပ်ဖို့ မေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။

ဂေါပကအဖွဲ့ဟာ ကန့်ကွက်စာနဲ့အတူ ဂရန်နဲ့ မြေပုံမိတ္တူတွေကိုပါ ထည့်သွင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ကျိုက်ဝိုင်းဘုရား ဝတ္တက မြေနေရာဟာ ၄၃ ဧကကျယ်ဝန်းပြီး အဲဒီထဲမှာ အငြင်းပွားမှုဖြစ်နေတဲ့ မြေနေရာလည်း ပါဝင်ပါတယ်။ နေစရာအခက်အခဲဖြစ်နေသူတွေကို ကျိုက်ဝိုင်းဘုရား နယ်မြေအတွင်းမှာ နေထိုင်ခွင့်ပြုထားပေ မယ့် ပြန်လည်ရောင်းချခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။