ရေးမြို့မှာ စက်သုံးဆီပြတ်လပ်နေလို့ စက်သုံးဆီဆိုင်အများစု ပိတ်ထားရ

RFA Burmese
2024.05.29
ရေးမြို့မှာ စက်သုံးဆီပြတ်လပ်နေလို့ စက်သုံးဆီဆိုင်အများစု ပိတ်ထားရ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Yarmanya Times

မွန်ပြည်နယ် ရေးမြို့နယ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ လက်ကျန်စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် မေလ ၂၅ ရက်နေ့ကစလို့ မေလ ၂၉ ရက် ဒီနေ့အထိ စက်သုံးဆိုင်အများစုက ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက်နေ့က ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်ဘက်ကလာတဲ့ စက်သုံးဆီသယ်ယာဉ်ကြီး (ဆီဘောက်ဆာ) တွေ မဝင်ရောက်တော့တာကြောင့် စက်သုံးဆီတွေ ပြတ်လပ်လာတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဆိုင်အနည်းစုမှာပဲ အချိန်အကန့်အသတ်နဲ့ တန်းစီဝယ်ယူနေကြရတယ်လို့ ရေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ကျွန်တော့်မှာ စျေးသွားဖို့ ဆိုင်ကယ်ဆီတောင် မရှိဘူး။ လုံးလုံးပိတ်ပြီး ဆီဆိုင်တွေမှာ ကြိုးတားလိုက်တယ်။ ဝင်ထည့်လို့ မရတော့ဘူး။ ဒီရက်ပိုင်းမှာက ရွှေတြိဂံ ဆိုင်တစ်ဆိုင်ပဲ ဖွင့်ပေးတယ်။ ကျန်တဲ့ဆိုင်တွေကတော့ မဖွင့်ဘူး။ ဒီမနက်ဆို ရွှေတြိဂံဆိုင်က ကြိုးတွေ တားထားတယ်။ ပုံမှန်ဆို ညနေ လေးနာရီခွဲကနေ ငါးနာရီခွဲထိ သူတို့ တစ်နာရီလောက်တော့ ရောင်းပေးတယ်။ ဆိုင်ကယ်ဆို သုံးထောင်ဖိုး။ ကားဆို မရဘူး”

စက်သုံးဆီပြတ်လပ်နေတာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် မဖြစ်မနေထွက်ရတဲ့ ကားတွေကလွဲလို့ ရေးမြို့ပေါ်မှာ ယာဉ်အသွားအလာ မရှိသလောက်နည်းသွားတယ်လို့ ရေးမြို့မှာ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဝပ်ရှော့ဆိုင်မှာဆိုရင် သုံးရက်လောက်ရှိပြီ။ ကားအတော် ပါးသွားတယ်။ ဘုန်းကြီးကား တစ်စီး၊ နှစ်စီးလောက်ပဲ လာတော့တယ်။ အရင်ကဆိုရင် တစ်နေ့ကို လေးငါးဆယ်စီးလောက် လာတယ်။ မနေ့ကဆိုရင် တစ်စီးပဲ လာတယ်။ ကားအသွားအလာ မရှိတော့ဘူး။ တော်တော် ပါးသွားပြီ”

စက်သုံးဆီစျေးနှုန်းတွေလည်း မြင့်တက်နေပြီး ပရီမီယမ် ဒီဇယ် တစ်လီတာကို ၃၆၀၀ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာကို ၃၅၀၀ ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာကို ၃၃၀၀ ကျပ်ထိ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း မော်လမြိုင် - ရန်ကုန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်ပစ္စည်းပြတ်လပ်တာတွေအပြင် သယ်ယူပို့ဆောင်ရေးမှာလည်း လမ်းခရီးမှာ ကြန့်ကြာမှုတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ရာသီဟာ ဒူးရင်းသီးရာသီချိန်ဖြစ်နေတဲ့အတွက် ဒူးရင်းသီးတွေကို စျေးကွက်တွေထံ အချိန်မီ မပို့ဆောင်နိုင်တာ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာတွေကြောင့် ဒူးရင်းသီး အပျက်အစီးများနေပြီး ဒူးရင်းသီး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေလည်း အရှုံးပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။