ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်
2012.04.13

G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
အဲဒီလို လျှော့ချပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပါဝင်လာနိုင်ဖို့ အပြင် စီးပွားရေးကဏ္ဍ တိုးတက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။
G8 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ - မြန်မာအစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပေါ်မှာ ပိတ်ပင်ဟန့်တားထားတာတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့လည်း ဆက်လက် တိုက်တွန်းထားပါတယ်။