၂၄ နာရီအတွင်း ဆန္ဒပြသူ နှစ်ဦး သေဆုံး၊ တပ်ပိုင်ကုန်တိုက်တွေ မီးလောင်

2021.03.31

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး Gandamar Whole Sale ကုန်တိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် ပန်းဆိုးတန်းမှာရှိတဲ့ ရူဘီမတ် Ruby Mark ကုန်တိုက် နှစ်လုံး ဧပြီလ ၁ ရက် မနက်စောစော ၂ နာရီလောက်က မီးလောင်သွားခဲ့ပါတယ်။

“မတ်လ ၃၁ ရက် ညသန်းခေါင်ကျော် လူတွေအိပ်မောကျနေချိန် ကမ္ဘာအေးဘုရားလမ်းမပေါ်က ကျယ်လောင်တဲ့ မီးသတ်ကားဥဩဆွဲသံတွေကို ကြားခဲ့ရပြီး၊ ရုတ်တရက် ဘာဖြစ်မှန်း မသိခဲ့ရဘူး၊ မနက်စောစောထကြည့်မှ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေးကုန်တိုက်ကြီး မီးလောင်ထားတာ တွေ့ရတယ်” လို့ ကုန်တိုက်အနီး နေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

မီးလောင်မှု များလွန်းတဲ့အတွက် မနက် ၈ နာရီခွဲလောက်အထိ ဂန္ဓမာဟိုးဆေး ကုန်တိုက်ဘက်ကို အပြင်းမောင်းသွားတဲ့ မီးသတ်ကားတွေကို မြင်တွေ့ရတယ်လို့လည်း မရမ်းကုန်း အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မျက်မြင်အနေအထားအရ ကုန်တိုက်နှစ်ခုလုံး အတွင်းဘက်အကုန် မီးလောင်သွားပုံရှိပြီး အခွံသာသာကျန် တာကို တွေ့ရပါတယ်။

အများပြည်သူတွေ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲပဲရှိနေချိန် စစ်တပ်ပိုင် ဈေးဝယ်စင်တာနှစ်ခု မီးလောင်ခဲ့တာလည်းဖြစ်ပါတယ်။ မီးလောင်တဲ့နေရာတွေကို မြန်မာနိုင်ငံကိုရောက် နေတဲ့ CNN သတင်းဌာနက သတင်းထောက်ချုပ် သွားရောက်သတင်းယူခဲ့တာလည်း တွေ့ရပါတယ်။ CNN သတင်းထောက်ဟာ ရန်ကုန်မြို့ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အစောင့် အရှောက်နဲ့ သတင်းရယူနေတာဖြစ်ပါတယ်။

ဒီအတောတွင်း မုံရွာမြို့မှာလည်း ဒီနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်ဖြိုခွင်းတာကြောင့် ဒဏ်ရာရသူ နှစ်ယောက် ရှိခဲ့ပါတယ်။ ပစ်ခတ်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရသူ နှစ်ယောက်ကို လုံခြုံတဲ့ဆေးရုံကို တင်ပို့ပြီးဖြစ်တယ်လို့ မုံရွာဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

မုံရွာမြို့မှာ နေ့စဉ်ပစ်ခတ်မှုတွေရှိနေတာဖြစ်ပြီး ဒီနေ့ မနက် ၁၁ နာရီလောက်က နေအိမ်တွေကို လက်နက် တွေနဲ့ ခြိမ်းခြောက်ဝင်ရောက်ကာ သန်းခေါင်စာရင်းမှာ မပါသူတွေကို ထုတ်ပေးဆိုပြီး ဖမ်းဆီးတာတွေရှိ နေပါတယ်။ ဒီကနေ့ ညနေအထိ ဖမ်းဆီးခံထားရသူ ခြောက်ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။

မုံရွာမြို့မှာ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်ပေမယ့် စစ်အာဏာသိမ်းတာကို အလိုမရှိကြောင်း နေ့စဉ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း မနေ့က မနေ့ညနေပိုင်းက ရန်ကုန် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ တောင် ကိုရီးယားဘဏ် Shinhan Bank ကနေ ရုံးဆင်းပြီးပြန်လာတဲ့ Ferry ကားကို ဦးချစ်မောင်လမ်းအရောက် အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်တာကြောင့် ယာဉ်မောင်းဘေးမှာလိုက်ပါလာတဲ့ ဝန်ထမ်းအမျိုးသမီး မစုစုကြည်ရဲ့ ဦးခေါင်း သေနတ်ကျည်ထိမှန်ခဲ့ပါတယ်။ သူ့ကို ဆေးရုံကို ပို့ဆောင်ကုသ ထားပေမယ့် အခြေအနေက စိုးရိမ်ရတယ်လို့ နီးစပ်သူတွေရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။

ဒါ့အပြင် ကလေးမြို့မှာလည်း မနေ့က နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရှစ်ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ကလေးမြို့မှာ ဆန္ဒပြသူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး နေ့စဉ် ပစ်ခတ်မှုတွေရှိနေပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာလည်း မတ်လ ၃၁ ရက် မနေ့ည ရ နာရီလောက်က လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲ တစ်ယောက် သေဆုံးကာ စစ်သား နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက လှည့်လည်နေစဉ်မှာ ဆိုင်ကယ်စီးလာသူ တစ်ယောက်က လက်ပစ်ဗုံးပစ်ထည့်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

လက်ပစ်ဗုံးနဲ့ ပစ်သွားတဲ့သူတွေက ဒေသခံပြည်သူလား၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလား ဆိုတာကိုတော့ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။
ကော့ကရိတ်မြို့ပေါ်မှာတော့ဆန္ဒပြပွဲတွေ မရှိပေမယ့် ကျေးရွာတွေမှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကိုထောက်ခံကြောင်း ဆန္ဒပြပွဲတွေရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ နေရာတော်တော်များများမှာ မီးကွင်းပစ် မီးရှို့ခံရမှုတွေ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ်ကွက်မှာ ဧပြီ ၁ ရက် ဒီနေ့ မနက် ၅ နာရီကျော်က မီးစတင်လောင်တဲ့အတွက် လူနေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး ၆ နာရီဝန်းကျင်မှာမှ ငြိမ်းသွားပါတယ်။

လူနေအိမ် ၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် ပြည်သူ ၅၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားပြီး ဘယ်ကနေ စတင်လောင်တယ်ဆိုတာတော့ မသိသေးဘူးလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ ပြည်သူတွေကပဲ စုပေါင်းပြီး ကူညီပေးထားတယ် လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနဲ့ ၅၇ လမ်းကြား၊ ၁၁၆ လမ်း နဲ့ ၁၁၇ လမ်းနားမှာ မီးလောင်ခဲ့တဲ့အတွက် အိမ် ၆၀ ကျော် ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပညာရေးမှူးရုံး မတ်လ ၃၁ ရက်ည ၁၁ ကျော်လောက်မှာ မီးလောင်ခံရတယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။

မီးဘယ်ကစပြီးလောင်တယ်ဆိုတာကိုတော့ မသိရသေးဘဲ ရုံးတစ်ရုံးလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီပညာရေးမှူးရုံးမှာ မီးမလောင်ခင်နေ့လယ်ပိုင်းအထိ CDM မဝင်တဲ့ ဆရာ၊ ဆရာမတွေ သင်တန်းတက် နေကြသေးတယ်လို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-01 01:56

Cheers & Thump up