ဂန့်ဂေါတိုက်ပွဲ စစ်ကောင်စီ ၇၀ နီးပါးနဲ့ PDF ၁၇ ဦးထက်မနည်း သေဆုံး

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.09.12
ဂန့်ဂေါတိုက်ပွဲ စစ်ကောင်စီ ၇၀ နီးပါးနဲ့ PDF ၁၇ ဦးထက်မနည်း သေဆုံး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာက နေအိမ်တွေမီးလောင်နေတာကို ၂၀၂၁၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Gangaw Youths Voice

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ဖို့ စစ်ကြေညာလိုက်တဲ့ စက်တင်ဘာ ၇ ရက် နောက်ပိုင်းကစပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ဒီနေ့ထိ ငါးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့ရဲ့ ‌ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ဂန့်ဂေါမြို့နယ် မြင်သားရွာမှာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာ ၉ ရက် တစ်ရက်တည်းမှာတင် PDF ဘက်က ၁၇ ဦး လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၁၇ ဦးထဲမှာ ယော PDF တပ်ဖွဲ့ဝင်က ငါးယောက်ပဲဖြစ်ပြီး ကျန် ၁၂ ယောက်က ကိုယ့်ရပ်ရွာ ကာကွယ်ဖို့ စစ်ကောင်စီကို ရရာလက်နက်စွဲပြီး ခုခံခဲ့တဲ့ သာမန်ပြည်သူတွေဖြစ်တယ်လို့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

"၇ ရက်နေ့ကစ D day ကြေညာတဲ့နေ့မှာ ကျွန်တော်တို့ ဂန့်ဂေါမြို့ပေါ်မှာ စခန်းနှစ်ခုကို သိမ်းပိုက်ဖို့ လုပ်ခဲ့တယ်။ အဲဒီနေ့မှာ ကျွန်တော်တို့ အဖွဲ့အစည်းကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး။ သူတို့ဘက်က ကိုးဦး ကျသွားတယ်။ ဒါပြီးမှ ၁၀ ရက်နေ့မှာ တောင်ပိုင်းရော၊ မြောက်ပိုင်းရော အဲဒီနေ့မှာ တစ်ရက်တည်းနဲ့ နေ့ရော၊ ညရော ၆၈ ဦးလောက် သူတို့ဘက်က ကျပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာကတော့ မြောက်ပိုင်းမှာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရပါတယ်။ ဒါလည်း စိုးရိမ်စရာ မရှိပါဘူး။ အခုပြီးခဲ့တဲ့ညက တောင်ပိုင်းမှာလည်း ထိခိုက်ဒဏ်ရာရတယ်။ သူတို့လည်း စိုးရိမ်စရာ မရှိပါဘူး။ မြင်သားမှာတော့ တစ်ရက်ထဲနဲ့ ၁၇ ဦးကျတယ်။ ၁၇ ဦးကလည်း ပြည်သူလူထုက ၁၂ ဦးလောက် ပါတယ်”

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF၊ မင်းတပ် PDF၊ ကလေး PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးတွေ များနေတယ်လို့ PDF တပ်ဖွဲ့ တွေက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ ဒီနေ့မနက် အစောပိုင်းမှာလည်း ဂန့်ဂေါ-ကျောက်ထု-ပခုက္ကူလမ်းပိုင်းပေါ်မှာ စစ်ကောင်စီရဲ့ ကားတစ်စီးကို PDF တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုရှိပေမယ့် ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ဂန့်ဂေါ YDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့ညပိုင်းကလည်း ဂန့်ဂေါမြို့နယ် မင်းရွာက စစ်ကောင်စီတပ်တွေရဲ့စခန်းတစ်ခုကို PDF တွေ ဝင်ရောက် စီးနင်းခဲ့ပြီး အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်က ငါးယောက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က နှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့တွေကို မကူညီရင်တောင်မှ အိမ်မီးလောင်သွားတဲ့သူတွေနဲ့ အသက်ပေးသွားတဲ့ ကလေးတွေအတွက် ကူညီလို့ရရင် ကူညီပေးကြပါဦး"

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်ထဲ ထယ်လှော်ရွာက အိမ်ခြေ ၂၀ နီးပါးကို ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း မြင်သားရွာက အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ နေအိမ် မီးလောင်ဆုံးရှုံးခဲ့သူတွေကို ကူညီပေးကြဖို့ မြင်သားရွာ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“မနေ့ကတော့ ပြန်သေးတယ်။ သူတို့တွေ မရှိတော့လေ။ ဒါပေမဲ့ ကင်းမရွာလိုပုံစံမျိုး ပြန်ဖြစ်မှာစိုးလို့ သူတို့က တပ်ဆုတ်လာခဲ့ရင် ကျွန်မတို့ဘက်တွေ ပြန်ဝင်မွှေမှာစိုးလို့ ကြောက်ကြတော့ တချို့က တောထဲမှာ နေတယ်။ ဘုန်းကြီးကျောင်းတွေမှာ ပြန်နေတာဆိုတော့ ကျွန်မတို့လည်း မနေရဲတာနဲ့ ရိက္ခာလေးတွေ ယူပြီး ပြန်လာခဲ့တာ။ အိမ်တွေကတော့ တော်တော်ပါသွားတယ်။ လူတွေလည်း သက်ကြီး ၈၀ ပိုင်းတွေ၊ ၅၀ ကျော်တွေ အကုန်သေသွားကြတာ။ ၁၈ ယောက်လောက်ရှိတယ်။ ကျွန်မတို့တွေကို မကူညီရင်တောင်မှ အိမ်မီးလောင်သွားတဲ့သူတွေနဲ့ အသက်ပေးသွားတဲ့ ကလေးတွေအတွက် ကူညီလို့ရရင် ကူညီပေးကြပါဦး”

မြင်သားရွာနဲ့ နယ်မြေတစ်ဆက်တည်းဖြစ်တဲ့ နှမ်းခါးရွာအနီးမှာ ဂန့်ဂေါ PDF နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်တင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်း တိုက်ပွဲမှာတော့ စစ်ကောင်စီဘက် ၁၅ ယောက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် နှမ်းခါးကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အိမ် ၃၆ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

attacked-car.jpg
ကလေး -ဂန့်ဂေါ-မုံရွာ-မန္တလေး ကားလမ်း ဖြတ်သန်းခဲ့တဲ့ ခရီးသည်တင်ယာဥ်တစ်စီး ထိခိုက်ပျက်စီးခဲ့တာကို တွေ့ရစဉ် (Photo: Ko Latt)

ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ခရီးသည်တင် ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပိတ်မိနေတဲ့ ကားသမားတွေကို ကျနော်တို့က စစ်ပွဲတွေထဲ မရောက်စေချင်တဲ့အတွက် အထိအခိုက် ဖြစ်မှာစိုးလို့ ကျနော်တို့က ရွာ နှစ်ရွာ၊ သုံးရွာလောက်က ပေါင်းပြီး တင်ကျွေးထားတယ်။ တချို့ရွာတွေက လူကိုယ်တိုင်လာပြီးတော့ ချက်ပြုတ်ကျွေးကြတယ်။ တခါတလေလည်း ဆန်တွေ၊ ဆီတွေ အကူအညီ ပေးတာပေါ့ဗျာ။ ရွာတွေက အများဆုံးလုပ်ပေးတာကတော့ ဆန်၊ ဆီ၊ ဆား ဟင်းချက်စရာပေါ့။ ဟင်း ချက်စရာပစ္စည်းတွေ သွားပြီတော့ပို့ပေးတယ်။ သူတို့ဟာသူတို့ ချက်ပြုတ်စားကြပါတယ်”

ကလေး၊ ဂန့်ဂေါနဲ့ ယော PDF တပ်ဖွဲ့တွေကလည်း ဂန့်ဂေါ - ကလေး ကားလမ်းကို ပြည်သူတွေ ခရီးမသွားကြဖို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည်ခုခံတော်လှန်ဖို့ စစ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒေသတော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်လာနေပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ယူကေနိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် ပဋိပက္ခတွေကို ထပ်မဖြစ် စေချင်တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့တာပါ။

RFA က စကားပြောခဲ့တဲ့ ပြည်သူအများစုကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ကောင်စီအပေါ် စစ်ကြေညာချက်ကို ထောက်ခံကြောင်း ပြောဆိုကြပါတယ်။

ဒီကနေ့ ဂန့်ဂေါဘက်က တိုက်ပွဲအခြေအနေတွေ ဒေသခံ နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ကတော့ ဂန့်ဂေါဒေသအတွင်း နေအိမ်တွေ မီးရှို့တာ၊ ဖမ်းဆီး သတ်ဖြတ်တာနဲ့ စစ်ကြောင်းထိုးတာတွေကို စစ်ကောင်စီအနေနဲ့ ရပ်တန့်ပေးဖို့ စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။